Pages

Thursday, November 15, 2018

ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးအပေါ် တပ်မတော်၏ ရပ်တည်ချက်များအား ကြိုဆိုထောက်ခံပွဲ ကျင်းပ

ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးအပေါ် တပ်မတော်၏ ရပ်တည်ချက်များအား ကြိုဆိုထောက်ခံပွဲ ကျင်းပ
-
တောင်ကြီး  နိုဝင်ဘာ  ၁၄ 
-
ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး ပြည်ထောင်စုမှ ထာဝရခွဲမထွက်ဘဲ တန်းတူညီမျှ ပေါင်းစည်းညီညွတ်စွာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအပေါ် တပ်မတော်၏ ရပ်တည်ချက်များအား ကြိုဆိုထောက်ခံပွဲ အခမ်းအနားကို    ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံ ခန်းမ၌ ကျင်းပသည်။
-
အဆိုပါ ကြိုဆိုထောက်ခံပွဲ အခမ်းအနားကို အမျိုးသားလုံခြုံရေး လူမှုကွန်ရက်(ဗဟို)မှ ဦးဆောင်ဆရာတော် ဦးပညာနန္ဒ (အေးသာယာမြို့ ပညာဗိမာန်ကျောင်းတိုက်)၊ အလုပ်အမှုဆောင် ဦးဆန်နီအောင် ဦးဆောင်သော မျိုးချစ်ဆရာတော် သံဃာတော်များ၊ ပအိုဝ်းတိုင်းရင်းသားများနှင့် ဒေသခံပြည်သူများ၊ တပ်မတော်ကို   ချစ်ခင်လေးစားသူများ စုစုပေါင်းအင်အား   ၅ဝဝဝ   တို့က တောင်ကြီးမြို့  စဝ်စံထွန်း ရပ်ကွက်ရှိ စစ်မှုထမ်းဟောင်း ရုံးရှေ့မှ   စုရပ်ပြုလုပ်ကာ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း သစ်တောရပ်ကွက်ရှိ မိုးလုံလေလုံ ကျောက်တိုင်အားကစားရုံအထိ ''ပြည်ထောင်စုကြီး ထာဝရမပြိုကွဲရေး ဒို့အရေး၊ ပြည်ထောင်စုဖွား တိုင်းရင်းသားများ စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်နေသည့် တပ်မတော်အား အစဉ်ဝန်းရံရေး  ဒို့အရေး၊ ပြည်ထောင်စုပြိုကွဲအောင် ကြံဆောင်သူမှန်သမျှ ဆန့်ကျင်ကြ၊  တပ်မတော်ပြိုကွဲအောင် ကြံဆောင်သူမှန်သမျှ ဆန့်ကျင်ကြ''  စသည့် ကြွေးကြော်သံများ၊ ''ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်း သားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာအာဏာ  တည်တံ့ခိုင်မြဲရေး ဒို့အရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေး ဒို့အရေး၊ ပြည်ထောင်စုဖွား တိုင်းရင်းသားများ ပြည်ထောင်စုမှ ထာဝရခွဲမထွက်ရေး ဒို့အရေး၊ တိုင်းပြည် တည်ငြိမ်ကောင်းမွန်ရေးနှင့် အလုံးစုံငြိမ်းချမ်းရေး ရရှိရေး၊ တပ်မတော်ကို  အစဉ်အားပေးရေး၊ ပြည်ထောင်စုဖွား တိုင်းရင်းသား  ၁၃၅ မျိုး အကျိုးကို ကာကွယ်စောင့်ရှောက်နေသော တပ်မတော်အား အပြည့်အဝထောက်ခံသည်၊
-
တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ တပ်မတော်နှင့်အတူ ရပ်တည်စို့'' စသည့် လက်ကိုင်ပိုစတာများဖြင့်  ပြည်နယ်လေ့ကျင့်ရေး အားကစားရုံသို့ လှည့်လည် လမ်းလျှောက်ကြသည်။
-
ဆက်လက်၍ ပြည်နယ်အားကစားရုံတွင် ဟောပြောပွဲကျင်းပရာ တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုကြသည်။ ထို့နောက် အမျိုးသားလုံခြုံရေး ကွန်ရက်ဗဟိုမှ ပေးပို့သော    သဝဏ်လွှာများကို အမျိုးသားလုံခြုံရေးကွန်ရက်  နာယကဆရာတော် ဦးပညာနန္ဒက ဖတ်ကြားပြီး မျိုးချစ်ရဟန်းတော်များ သမဂ္ဂ ရန်ကုန်မှ ပေးပို့သော သဝဏ်လွှာအား  အေးသာယာ စက်မှုဇုန်မုံတဝကျောင်းတိုက် နာယကဆရာတော် ဦးသောဘိတက ဖတ်ကြားသည်။
-
ယင်းနောက် ကရင်ပြည်နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့နှင့် အမျိုးသားရေးအဖွဲ့များက ပေးပို့သော  သဝဏ်လွှာအား ဦးတက်ခေတ်(ဗန်းမော်)က ဖတ်ကြားပြီး အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ တိုင်းရင်းသားများ ကိုယ်စား ဦးနေဝင်းထွေးက ပြောကြားသည်။ ဆက်လက်၍ ဦးမိုက်ကယ်မင်းထွန်း(အညတရကပ္ပိယ)က တပ်မတော်အပေါ် ကျရောက်လျက်ရှိသော နိုင်ငံတကာ ဖိအားများအား ဆန့်ကျင်ရှုတ်ချခြင်း အကြောင်းအရာများကို ဟောပြောပေးပြီး ဦးဆန်နီအောင်က မြန်မာ့တပ်မတော်အပေါ် ကျရောက်လျက်ရှိသော နိုင်ငံတကာဖိအားများအား ဆန့်ကျင်ရှုတ်ချပွဲမှ သဘောထား ကြေညာချက်များအား ဖတ်ကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများက ကြွေးကြော်သံများ သံပြိုင် ကြွေးကြော်ကြသည်။  
-
တပ်မတော်ထောက်ခံပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ၂ဝ၁၆  ခုနှစ်မှ၂ဝ၁၈ ခုနှစ်အထိ  ယခုအကြိမ်အပါအဝင် ၁၂၄  ကြိမ်  စုစုပေါင်းအင်အား  ၆၆၂၈၅ဝ ဦးဖြင့်ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment