-
ရန်ကုန် နိုဝင်ဘာ ၅
-
မြန်မာနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာတစ်ဝန်းရှိ အတီးအမှုတ် ပညာရှင်များ စုပေါင်း ကျင်းပမည့် နိုင်ငံတကာ ရိုက်ခတ် တူရိယာစုံ ဖျော်ဖြေပွဲများကို နိုဝင်ဘာလအတွင်း ရန်ကုန် နှင့် ဘားအံမြို့တို့၌ အခမဲ့ဖျော်ဖြေ ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ရန်ကုန် (ခရစ်ယာန်လူငယ်များအသင်း) ၌ ယနေ့တွင် ကျင်းပသော ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
-
''ကမ္ဘာအနှံ့မှာရှိတဲ့ မိတ်ဆွေတွေနဲ့အတူ ၂ဝ၁၈ ခုနှစ် ဥရောပယဉ်ကျေးမှုအမွေအနှစ် ဆိုင်ရာပွဲတွေကို ကျင်းပမှာပါ။ ဒီဖျော်ဖြေပွဲက မတူကွဲပြားတဲ့ ရိုးရာအစဉ်အလာနဲ့ ယဉ်ကျေးမှုတွေကို ပေါင်းစည်းပေးတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristan Schmidt ကပြောသည်။
-
၂ဝ၁၈ နိုင်ငံတကာ ရိုက်ခတ်တူရိယာစုံ ဖျော်ဖြေပွဲများကို နိုဝင်ဘာ ၆ ရက်ညတွင် ရန်ကုန်မြို့ရှိ Goethe Villa ၌ လည်းကောင်း၊ နိုဝင်ဘာ ၈ ရက် ည ၆ နာရီခွဲတွင် မဟာ ဗန္ဓုလပန်းခြံ၌ လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်တွင် ဘားအံမြို့တို့၌ လည်းကောင်း ကျင်းပမည်ဖြစ်သည်။
-
ဖျော်ဖြေပွဲတွင် မြန်မာ့ဆိုင်းဝိုင်း၊ ကရင်၊ ရခိုင်နှင့် ရှမ်း စသည့် တိုင်းရင်းသားတို့၏ တူရိယာ အတီးဂီတပညာရှင်များက ကနေဒါ၊ တရုတ်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ မလေးရှားနှင့် ပိုလန်နိုင်ငံတို့မှ တူရိယာ အတီးဂီတ ပညာရှင်များနှင့် ပူးပေါင်းကာ ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်း သိရသည်။
-
''ဒါကြောင့် ဒီနိုင်ငံတကာ ပွဲတော်က မြန်မာနိုင်ငံ၊ ဥရောပနဲ့ ကမ္ဘာတစ်ဝန်းက စည်းချက် တူရိယာ ကျွမ်းကျင်ပညာရှင်တွေကြားမှာ ဂီတရေစီးကြောင်းစီးနိုင်မယ့် အခွင့်အလမ်းတွေကို ဖန်တီးပေးတဲ့ ပွဲတော်တစ်ခုဖြစ်တဲ့အပြင် ရန်ကုန်နဲ့ဘားအံမြို့က ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် ပွဲတော် တစ်ခုဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါကြောင့် ဒီဖျော်ဖြေပွဲကို ပံ့ပိုးကူညီဖို့ အရမ်းစိတ်အား ထက်သန်နေပါတယ်'' ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီဲး John Nielsen ကပြောသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment