Pages

Tuesday, November 27, 2018

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး စီမံကိန်းအရ ဒုတိယအကြိမ် အိန္ဒိယ အထောက်အပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၄၈၅ သန်း ပေးအပ်ပွဲ ကျင်းပ

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး စီမံကိန်းအရ ဒုတိယအကြိမ် အိန္ဒိယ အထောက်အပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၄၈၅ သန်း ပေးအပ်ပွဲ ကျင်းပ
-
နေပြည်တော်  နိုဝင်ဘာ  ၂၆ 
-
မြန်မာ-အိန္ဒိယချစ်ကြည်ရေး စီမံကိန်းအရ ဒုတိယအကြိမ် အိန္ဒိယ အထောက်အပံ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၄၈၅ သန်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝနာရီတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
-
ရှေးဦးစွာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က ဝန်ကြီးဌာန၏ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။    ဆက်လက်၍ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးက ထောက်ပံ့ပေးမှု အခြေအနေများနှင့် ရှေ့ဆက်လက် ထောက်ပံ့သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
-
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E.Mr.Vikram Misri က ဒုတိယအကြိမ် အထောက်အပံ့ရန်ပုံငွေ အမေရိကန်ဒေါ်လာ  ၄ ဒသမ ၉၄၈၅ သန်း ချက်လက်မှတ်အား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ထံ ပေးအပ်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
-
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် အိန္ဒိယသမ္မတနိုင်ငံတို့ ပူးပေါင်း၍ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး စီမံကိန်းအရ နှစ်နိုင်ငံနယ်နိမိတ် ထိစပ်နေသည့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှု စာချွန်လွှာကို ၂ဝ၁၂ ခုနှစ် မေ ၂၈ ရက်တွင် ရေးထိုးခဲ့ပြီး တစ်ကြိမ်လျှင်   အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ငါးကြိမ်အတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည်။
-
ပထမအကြိမ် အိန္ဒိယအထောက်အပံ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသများဖြစ်သည့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့၌ လမ်း/တံတားလုပ်ငန်း ရှစ်ခု၊ ပညာရေးကျောင်း ၂၁ ကျောင်း၊ ကျန်းမာရေး လုပ်ငန်း ၁၇ ခု စုစု ပေါင်း စီမံကိန်း လုပ်ငန်း ၄၆ ခုကို ၂ဝ၁၅ ခုနှစ်အတွင်း လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးခဲ့သည်။
-
ဒုတိယအကြိမ် အိန္ဒိယအထောက်အပံ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၄၈၅ သန်းဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့၌ လမ်း/တံတားလုပ်ငန်း၂ဝ ခု၊ ပညာရေးကျောင်း ၁၁ ကျောင်း စုစုပေါင်း စီမံကိန်းလုပ်ငန်း ၃၁ ခုကို ၂ဝ၁၈ ခုနှစ်တွင် လုပ်ငန်းအားလုံး ပြီးစီးခဲ့သည်။
-
ဆက်လက်၍ တတိယအကြိမ် အိန္ဒိယ အထောက်အပံ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့၌ လမ်း/တံတားလုပ်ငန်း ၂၃ ခု၊ ပညာရေးကျောင်း ၁၁ ကျောင်း၊ ကျန်းမာရေး လုပ်ငန်းတစ်ခု 
စုစုပေါင်းစီမံကိန်း လုပ်ငန်း ၃၅ ခုကို ၂ဝ၁၈ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ စီမံကိန်းလုပ်ငန်း ၇၅ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးခဲ့ပြီး စတုတ္ထအကြိမ် အထောက်အပံ့ လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိသည်။
-
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ အိန္ဒိယသမ္မတနိုင်ငံ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment