Pages

Monday, October 1, 2018

မန္တလေးမြို့ မြေပုံအတိအကျသိရှိနိုင်ရန် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် (မိတ္ထီလာ)မှ ဒရုန်းယာဉ်များဖြင့် ရိုက်ကူးနေ

မန္တလေး စက်တင်ဘာ ၃ဝ
-
မန္တလေးမြို့ မြေပုံအတိအကျသိရှိ နိုင်ရန် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်(မိတ္ထီလာ)မှ ဒရုန်းယာဉ်များဖြင့် အမရပူရမြို့နယ် အတွင်း စတင်ရိုက်ကူးနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကွန်ပျူတာဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။ မန္တလေးမြို့စည်ပင်နယ်နိမိတ်မြို့နယ် ခြောက်မြို့နယ်အတွင်းရှိ အဆောက်အအုံများ၊ လမ်း၊ တံတား၊ ရေမြောင်း စသည့်အချက်အလက်များကို အတိအကျသိရှိနိုင်ရေးနှင့် မြေပုံထုတ်လုပ်နိုင် ရေးအတွက် ဒရုန်းယာဉ်များဖြင့် ကောင်းကင် ဓာတ်ပုံကို စက်တင်ဘာ ၂၈ရက်မှစ၍ အမရပူရမြို့နယ်အတွင်း၌ စတင်ရိုက်ကူးလျက်ရှိ ကြောင်း၊  ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်းကို မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာ တက္ကသိုလ်မောင်းသူမဲ့လေယာဉ် သုတေသန ဌာနက ရို က်ကူးပေးလျက်ရှိကြောင်း သိရသည် ။
-
မန္တလေးမြို့မြေပုံထုတ်လုပ်နိုင်ရန်အတွက် ပျံသန်းရိုက်ကူးရေးဆောင်ရွက်မည့် လေယာဉ် အမျိုးအစားများမှာ အလိုအလျောက်စနစ်ဖြင့် ပစ်စင်အသုံးပြုပျံတက်ပြီး လေထီးနှင့် ဆင်းသက်သည့် မောင်းသူမဲ့လေယာဉ်အမျိုး 
အစား နှစ်စင်း(တစ်ကြိမ်ပျံသန်းနိုင်ချိန်တစ်နာရီခွဲ)၊ ဒေါင်လိုက်အတက်အဆင်းပြုနိုင်သည့် မောင်းသူမဲ့လေယာဉ် Vtol- တစ်စင်း၊ Multicopter Drone နှစ်စင်း စုစုပေါင်း ငါးစင်းကို ပျံသန်းရန်နေရာအနေအထားပေါ်မူတည်ပြီး တစ်ပြိုင်နက်နှစ်စင်းပျံသန်းကာ ရိုက်ကူး လျက်ရှိကြောင်း သိရသည်။
-
အလားတူ မန္တလေးမြို့ကို ကောင်းကင် ဓာတ်ပုံမှ မြေပုံထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အချက်အလက်များ ဖြည့်သွင်းခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင်သည့်  Asia Air Survey ကုမ္ပဏီက ဆောင်ရွက်လျက်ရှိ 
ကြောင်း၊ နောက်ပိုင်းတွင် သယ်ယူပို့ဆောင်ရေး ကွန်ရက်လမ်းကြောင်းများ၊ လမ်းများ၊ ရေမြောင်းများ၊ ရေဖြန့်ဖြူးရေးပိုက်လိုင်းများ၊ ဖိုက်ဘာဆက်ကြောင်းများ၊ အမှိုက်သိမ်းဆည်း ရန်နေရာများ၊ အဆောက်အအုံဆိုင်ရာအချက် 
အလက်များကို ထည့်သွင်းသွားမည်ဖြစ်ပြီး ၎င်းအချက်အလက်များကိုအခြေခံ၍ မြို့ပြ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းနှင့် အခွန်အခကောက်ခံခြင်းများဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
-
"အခုကျွန်တော်တို့ ရိုက်ကူးနေတာက မြို့နယ်တစ်မြို့နယ်ချင်းကို  ရိုက်နေပါတယ်။ မြို့နယ် ခြောက်မြို့နယ် အကုန်လုံးရိုက်ပြီး သွားရင်မြေပုံအကြမ်းအနေနဲ့ ဆက်ထုတ်သွားမှာပါ။ ဒါတွေရိုက်ပြီးသွားရင်တော့ ဘယ်မြို့နယ်မှာ  
အဆောက်အအုံဘယ်လောက်ရှိလဲ သိနိုင်မယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့ Google Map မှာရှိတဲ့ မြေပုံပုံစံမျိုးရအောင် ရိုက်ကူးပြီးထုတ်သွားမှာပါ။ ရိုက်ကူးပြီး သွားရင်လဲ အဆောက်အအုံတွေက အတိုး 
အလျော့တွေရှိတော့  နှစ်နှစ်တစ်ကြိမ်တော့ ပြန်လည် ရိုက်ကူးဖို့လိုပါတယ်" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ကွန်ပျူတာဌာန ဌာနခွဲမှူး ဦးနေလင်းထက်က ပြောပြသည်။
-
ယခု မန္တလေးမြို့ရှိ အဆောက်အအုံများနှင့် လမ်း၊တံတားစသည့်တို့ကို အတိအကျ သိရှိနိုင်ရန် ဒရုန်းယာဉ်များဖြင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း အပြီးရိုက်ကူးသွားမည် ဖြစ်ကြောင်း၊ ယခုလက်ရှိ အမရပူရ 
မြို့နယ်အတွင်း ဒရုန်းယာဉ်များဖြင့် ရိုက်ကူး ပြီးစီးပါက  အောင်မြေသာစံမြို့နယ်အတွင်း ဆက်လက်ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။
-
#ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment