Pages

Monday, October 1, 2018

လှိုင်သာယာမြို့နယ်၌ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် တပ်မတော်အား ဝင်ရောက် စွက်ဖက်နေသည့် ပြည်ပနိုင်ငံများမှ အဖွဲ့အစည်းများအား ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်

ရန်ကုန်  စက်တင်ဘာ  ၃ဝ
-
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၌ ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် တပ်မတော်အား ဝင်ရောက်စွက်ဖက်နေသည့် ပြည်ပနိုင်ငံများမှ အဖွဲ့အစည်းများအား ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ်ရာ ပြည်သူလူထုအင်အား  ၅ဝဝ ဦးခန့် ပါဝင်သော အဖွဲ့သည်  B.O.C အဝိုင်းမှတ်တိုင်အနီးမှ ရုံးရှေ့မှတ်တိုင်အနီး အောင်မင်္ဂလာ အားကစားကွင်းသို့  ကြွေးကြော်သံ(၃)ရပ်အား ရွတ်ဆိုကာ ချီတက်လမ်းလျှောက် ကြကြောင်းသိရသည်။
-
''နိုင်ငံတော်၏ အချုပ်အခြာအာဏာအား ဝင်ရောက်စွက်ဖက်နေသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများအား အလိုမရှိ၊ ဒို့တာဝန် အရေးသုံးပါးအား ထိပါးနှောင့်ယှက်သူ တို့ရန်သူ၊ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်နေသော ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများ အလိုမရှိ'' စသောကြွေးကြော်သံ(၃)ရပ်အား ရွတ်ဆိုကာ B.O.C အဝိုင်းမှတ်တိုင်အနီးမှ စတင်ချီတက် ကြွေးကြော်လာသော တပ်မတော် ချစ်မြတ်နိုးသူများ အဖွဲ့နှင့် မျိုးချစ် အဖွဲ့များသည် ရုံးရှေ့မှတ်တိုင်အနီး အောင်မင်္ဂလာ အားကစားကွင်း အတွင်းတွင် နေရာ ယူကြသည်။
-
ထို့နောက်   တက်ရောက်လာကြသော ပြည်သူလူထုမှ နိုင်ငံတော်အလံအား အလေးပြုကြပြီး နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုကြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးကျောင်းတိုက် ဆရာတော်က သီပေါမင်းပါတော်မူသည့် ဖြစ်စဉ်သမိုင်းကြောင်းနှင့် ယနေ့ခေတ် မျက်မှောက်ရေးရာ နိုင်ငံရေး ဖြစ်စဉ်များ အကြောင်းကို ရှင်းလင်းကာ ဟော ပြောသည်။ ဆက်လက်၍ မျိုးချစ်လူငယ် ဦးထက်အောင်ရှိုင်းက နိုင်ငံတော်၏ အချုပ် အခြာအာဏာနှင့် တပ်မတော်အား ဝင်ရောက် စွက်ဖက်နေသည့် ပြည်ပနိုင်ငံများအား ကန့်ကွက်သည့် အကြောင်းကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသော တပ်မတော် ချစ်မြတ်နိုးသူများနှင့်    မျိုးချစ်အဖွဲ့တို့မှ ကြွေးကြော်သံ (၃)ရပ်အား သံပြိုင် ရွတ်ဆိုကာ ကြွေးကြော်ကြကြောင်း သိရသည်။
-
တပ်မတော် ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ်  အပါအဝင် ၄၇ ကြိမ် စုစုပေါင်းအင်အား ၅၉ဝ၅၈၅ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော် ထောက်ခံပွဲများ ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment