Pages

Tuesday, September 18, 2018

TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် နန်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ်ပေးရေး ဆန္ဒထုတ်ဖော်



နမ့်ခမ်း ၁၈-၉-၂၀၁၈

TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က နမ့်ခမ်းမြို့နယ် ဟိုနောင် ရပ်ကွက် ကနောင်မောဝ်ကုန်မာ ဆိုင်ပိုင်ရှင်ဖြစ်သူ နန်းမိုဟွမ်အား သြဂုတ် ၁၇ရက်တွင် ဖမ်းဆီးသွားခဲ့ပြီးနောက် တစ်လကြာသည့်တိုင် ပြန်လည်လွှတ်မြောက်လာခြင်း မရှိသည့်အတွက် နမ့်ခမ်းမြို့နယ် အတွင်းရှိ ပြည်သူ၁ဝဝဝဝ ကျော်ကယနေ့တွင် ဆန္ဒထုတ်ဖော်တောင်း ဆိုခဲ့ကြသည်။

"သူ့ကို အမြန်ဆုံး ပြန်လွှတ်ပေးရေး၊ နောက်ထပ်အဲလိုမျိုး နောက်နောင်ဒီလိုမျိုး အလားတူ အပြစ်မဲ့ပြည်သူကို ဘယ်လက်နက်ကိုင် မဆိုဖမ်းဆီး ခေါ်ဆောင်သွားတာကို လုံးဝကန့်ကွက်တယ်"ဟု နမ့်ခမ်းမြို့မှ စိုင်းသိန်းရွှေက ပြောပြသည်။

ပြန်လည်လွှတ်ပေးမည်ဟု တစ်ဆင့် ကြားသိရသော်လည်း လွတ်မြောက်လာခြင်း မရှိပဲ TNLA မှ တရားစီရင်ချက်ချရန် စီစဉ်နေသည်ဟု ထပ်မံကြားသိ ရသည့်အတွက် ပြည်သူလူထုအနေဖြင့် လက်ခံနိုင်ခြင်း မရှိကြောင်းဒေသခံများက ပြောပြသည်။

ကလေးသုံးဦး၏မိခင် နန်းမိုဟွမ်အား TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ဆပ်ကြေးလာကောက်စဉ် မြန်မာ့တပ်မတော်ကို သတင်းပေးသည့်အတွက် ထိခိုက်ကျဆုံးမှုများ ရှိသည်ဟူသော စွပ်စွဲချက်ဖြင့် သြဂုတ် ၁၇ ရက်က လက်နက်ကိုင် ငါးဦးက နမ့်ခမ်းမြို့တွင်း လာရောက်ဖမ်းဆီး ခေါ်ဆောင်သွား ခြင်းဖြစ်သည်။

"သူတို့ စွပ်စွဲထားတာက နန်းမိုဟွမ်ကို ဆပ်ကြေးလာကောက်တော့ အခွန်လာကောက်တုန်းက စစ်အစိုးရကို သတင်းပေးပို့လို့ သူတို့လူကို ကျဆုံးစေတယ်ဆိုတဲ့ စွဲချက်တင်တာပါ။ ဒါလည်းပဲ တကယ်ဆိုရင် နန်းမိုဟွမ်နဲ့ မပတ်သက်ပါဘူး၊ သူနဲ့မဆိုင်ပါဘူး။ ဒီသတင်းပေါက်ကြားတာ၊ မပေါက်ကြားတာက တပ်မတော်နဲ့ ပိုပြီးတော့သက်ဆိုင်တယ်လို့ ကျွန်တော်တို့မြင်ပါတယ်" ဟု စိုင်းသိန်းရွှေက ဆက်လက် ပြောပြသည်။

နန်းမိုဟွမ် ပြန်လည်လွတ်မြောက် ရေးအတွက် နမ့်ခမ်းမြို့ရှိ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများက ကူညီရေးကော်မတီဖွဲ့စည်းကာ အဆိုပါကော်မတီက ဦးဆောင်ပြီး နန်းမိုဟွမ်ကို အမြန်လွှတ်ပေးရေး၊ အပြစ်မဲ့ပြည်သူကို ဖမ်းဆီးခေါ် ဆောင်မှုအား ရှုတ်ချကြောင်းနှင့် တရားဥပဒေစိုးမိုးရေး တို့ကို တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

TNLA မှာ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်း တစ်ခုသာဖြစ်ပြီး အာဏာပိုင် အဖွဲ့အစည်း မဟုတ်သည့်အတွက် TNLA ၏ ဥပဒေနှင့် ငြိစွန်းမှုကြောင့် ပြည်သူတစ်ဦးကို ဖမ်းဆီးခြင်းမှာ မဖြစ်သင့်ကြောင်း အဆိုပါ လုပ်ရပ်သည် တအောင်းပြည်သူနှင့် ရှမ်းပြည်သူလူထုကို စိတ်ဝမ်းကွဲစေနိုင်သည့် လုပ်ရပ်ဖြစ်ကြောင်း နမ့်ခမ်းဒေသခံများက ပြောပြသည်။

"ကျွန်တော်တို့ လိုလားတာက ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို ပြည်သူရဲ့ အသက်အိုးအိမ်ကို ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းပဲ ကျွန်တော်တို့ ပြည်သူအားလုံးက လိုလားတာပါ။ွှTNLA က ဒါကို လျစ်လျူရှုပြီး သူတို့ထင်သလို လုပ်သွားရင် နောက်ဆိုပြည်သူ အချင်းချင်း တအာင်းပြည်သူတွေရော၊ ရှမ်းပြည်သူတွေရော စိတ်ဝမ်းကွဲသွားစေတဲ့ ဟာမျိုး မလိုလားပါဘူး"ဟု စိုင်းသိန်းရွှေက ပြောပြသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်ကလည်း နန်းမိုဟွမ်ပြန်လည် လွတ်မြောက်ရေးအတွက် ၎င်း၏ မိသားစုဝင်များနှင့် ဝန်းရံပြည်သူ ၂ဝဝ ကျော်က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်။ ယခု ဆန္ဒထုတ်ဖော်မှုကို နမ့်ခမ်းမြို့ ဆေးရုံတောင် ခြေမှမြို့လယ် ဘုရားကျောင်းထိ ပြည်သူ ၁ဝဝဝဝ ကျော်က နံနက် ၉နာရီမှ ၁၁နာရီအထိ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

နှစ်ကြိမ်တိုင် ဆန္ဒထုတ်ဖော်ပြီး ထူးခြားမှုမရှိပါက နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေး ကူညီရေးကော်မတီနှင့် မိသားစုဝင်များ ပြည်သူများတိုင်ပင်ကာ ဆက်လက် တောင်းဆိုမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

TNLA အကြမ်းဖက်သောင်းကျန်း သူအဖွဲ့၏ ဝန်ထမ်းတာဝန် ဝတ္တရားဆောင်ရွက်နေစဉ် မိမိအလိုအလျောက် အပြင်းအထန်နာကျင် စေမှုဖြင့် နန်းမိုဟွမ်အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ကို ချိုးဖောက်သည်ဟု စွပ်စွဲချက်ဖြင့် ၎င်းတို့ တရားရုံးတွင် အမှုဖွင့်အရေးယူထားကြောင်း TNLA ဘက်ကစက်တင်ဘာ၃ရက်တွင် သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

# မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment