Pages

Friday, September 28, 2018

ပြည်ပခရီးသွားများ၏ လေးစားမှုမရှိသည့် အပြုအမူများကြောင့် ဘာလီကျွန်းရှိ အထွတ်အမြတ် ထားရာနေရာများသို့ ဝင်ရောက်ခွင့် ကန့်သတ်မည်



ဘာလီ ၂၈-၉-၂ဝ၁၈

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ အထွတ်အမြတ်ထားသော နေရာများ၌ ပြည်ပခရီးသွား ဧည့် သည်အချို့၏ လေးစားမှုမရှိသည့် အပြုအမူများ ဖြစ်ပွားပြီးနောက် အဆိုပါ ကျွန်းရှိဘုရား ကျောင်းကန်များသို့ ဧည့်သည်များ ဝင်ရောက်ကြည့်ရှုလေ့လာမှုကို ကန့်သတ်ရန် ဘာလီ အစိုးရက ပြင်ဆင်လျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့်လအတွင်း နိုင်ငံခြားသားတစ်ဦးသည် တာဘာနန် အစိုးရခေတ်တွင် တည်ဆောက် ခဲ့သော လူဟာဘာတူကာရူဘုရား ကျောင်းရှိ ဗိမာန်တစ်ခု၏ ခေါင်မိုးထိပ်၌ ထိုင်နေသော ဓာတ်ပုံ တစ်ပုံကို ၎င်း၏အင်စတာဂရမ် လူမှုကွန်ရက်မှ တစ်ဆင့်ဖော်ပြခဲ့သဖြင့် ဘာလီကျွန်းရှိ ဟိန္ဒူဘာသာဝင်များ အလွန်အမင်း ထိတ်လန့်သွားသည်။ အဆိုပါ ဓာတ်ပုံသည် လူမှုကွန်ရက် စာမျက်နှာများတွင် တစ်မုဟုတ်ချင်း ပျံ့နှံ့သွားသည်။ 

အဆိုပါ နိုင်ငံခြားသားသည် မော်တော်ဆိုင်ကယ် မတော်တဆမှုဖြစ်ပွားပြီးနောက် ဆာနား ရဲစခန်းသို့ ရောက်ရှိလာချိန်တွင် ဓာတ်ပုံပါအမျိုးသားမှာ ၎င်းကိုယ်တိုင်ဖြစ်ကြောင်း ဝန်ခံခဲ့ သဖြင့် ရဲတပ်ဖွဲ့က သိရှိခဲ့ခြင်းဖြစ်သည်။ ထိုနိုင်ငံခြားသားမှာ ဖင်လန်နိုင်ငံမှ အသက် ၃၆ နှစ်ရှိ တိုနီခရစ်ရှန်ဂျာဗီဆိုသူ ဖြစ်သည်။ 

ထို့နောက် ဆာနားရဲတပ်ဖွဲ့က ၎င်းကို ပက်နီဘယ်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဘုရားကျောင်း၌ ရိုးရာ ဓလေ့အရ သန့်ရှင်းရေး ပြုလုပ်ရန်စေခိုင်းခဲ့သည်။ နိုင်ငံခြားသား ဧည့်သည်များ၏ အဆိုပါ အပြုအမူများကြောင့် အလွန်စိတ် အနှောင့်အယှက် ဖြစ်ရကြောင်း၊ ၎င်းတို့အနေဖြင့် မည်သည့်နေရာသို့ သွားရောက် လည်ပတ်သည်ဖြစ်စေ ဒေသခံများ၏ ဘာသာရေး အထွတ် အမြတ် ထားရာနေရာများကို လေးစားသင့်ကြောင်း အင်ဒိုနီးရှား ဟိန္ဒူဘာသာရေး ကောင်စီ၏ ဘာလီဌာနခွဲမှ အကြီးအကဲ အိုင်ဂက်စတီငူရာ ဆူဒီယာနာက The Jakarta Post သတင်း ဌာနသို့ ပြောသည်ဟု သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment