Pages

Monday, September 3, 2018

ရီးယဲလ်အသင်း လီဂါနက်စ်ကို နိုင်သည့်ပွဲတွင် ဘောလုံးပေးပို့မှု အများဆုံးလုပ်ဆောင် လာလီဂါ အသင်းပေါင်း ၃၃ သင်းဘက်သို့ ဘင်ဇီမာ ဂိုးသွင်းနိုင်သည့် စံချိန်သစ်တင်



မက်ဒရစ် ၃-၉-၂ဝ၁၈

ရီးယဲလ်အသင်းသည် ယမန်နေ့ညက လီဂါနက်စ်နှင့် ကစားသည့် လာလီဂါပွဲစဉ်၌ ၄ ဂိုး - ၁ ဂိုး ဖြင့် အနိုင်ရကာ ယခုရာသီတွင် ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့ပြီး ထိုပွဲတွင် ဘောလုံးပေးပို့မှု စံချိန်သစ်ကိုလည်း တင်နိုင်ခဲ့သည်။ နည်းပြသစ် လိုပက်တက်ဂီလက်ထက်တွင် ရီးယဲလ်အသင်းသည် ဘောလုံးပေးပို့မှု အကြိမ်ပိုများစွာ လုပ်ဆောင်နိုင်ပြီး ဂိုးသွင်းခွင့်များ ရရှိရန် ပုံစံပြောင်းကစားရာတွင် လီဂါနက်စ်နှင့်ပွဲ၌ ရီးယဲလ်သည် အောင်မြင်တိကျသော ဘောလုံးပေးပို့မှု ၇၉၈ ကြိမ် လုပ်ဆောင်နိုင်ကာ ဘောလုံးပေးပို့မှု အများဆုံး လုပ်ဆောင်နိုင်ခဲ့သည်။

သို့သော် ဖီဖာကလပ် ကမ္ဘာ့ဖလားပွဲတွင် ဂျပန်ကလပ် ကာရှီးမားနှင့် ကစားသည့် ပွဲတစ်ပွဲတွင် ယခုထက်ပိုပြီး တိကျသော ဘောလုံးပေးပို့နိုင်မှု ၈၈၂ ကြိမ်ရှိခဲ့ ဖူးသော်လည်း ထိုပွဲမှာ အချိန်ပို ကစားအပြီး မှတ်တမ်းဖြစ်ခြင်းကြောင့် ယခုစံချိန်မှာ စံချိန်သစ် ဖြစ်လာသည်။

ရီးယဲလ်အသင်းသည် ယခုရာသီတွင် လာလီဂါသုံးပွဲ ကစားအပြီး ဘောလုံးပေးပို့မှု ၁၅၀၅ ကြိမ် လုပ်ထားပြီး ဘာစီလိုနာမှာ စက်တင်ဘာ ၂ ရက်ည ဟူစကာနှင့် ပွဲစဉ်မတိုင်မီ ဘောလုံးပေးပို့မှု ၁၄၇၀ ကြိမ် ပြုလုပ်ထားနိုင်သည်။ ထိုပွဲတွင် ရီးယဲလ်အတွက် အဖွင့်ဂိုးကို ဂါရတ်ဘေးလ်က သွင်းယူပြီး လီဂါနက်စ်ဘက်မှ ပယ်နယ်တီမှ ချေပဂိုး သွင်းခဲ့သော်လည်း ဘင်ဇီမာက နှစ်ဂိုးသွင်းပြီး ရာမို့စ်က ပယ်နယ်တီမှ တစ်ဂိုးသွင်းခဲ့ခြင်း ဖြစ်သည်။

ပွဲချိန် ၄၈ မိနစ်တွင် ရီးယဲလ်အတွက် ဘင်ဇီမာသွင်းယူသည့် ဂိုးကြောင့် ၎င်းသည် လာလီဂါတွင် ပြိုင်ဘက်အသင်းပေါင်း ၃၃ သင်းဘက်သို့ ဂိုးသွင်းနိုင်သူ ဖြစ်လာပြီး အသင်းဖော်ဟောင်း စီရော်နယ်ဒို၏ လာလီဂါပြိုင်ဘက် အသင်းပေါင်း ၃၂ သင်းဘက်သို့ ဂိုးသွင်းနိုင်သည့် စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ သို့သော် စပိန်လာလီဂါ သမိုင်းတွင် မက်ဆီသည် ပြိုင်ဘက်အသင်းပေါင်း ၃၆ သင်းဘက်သို့ ဂိုးသွင်းနိုင်ခဲ့ပြီး အဒူရစ်နှင့် ရာအူးလ်တို့က ၃၅ သင်း၊ ဘာစီလိုနာ ကစားသမားဟောင်း ဂျူလီယိုဆာလီနက်စ်က ၃၄ သင်းဘက်သို့ ဂိုးသွင်းနိုင်သည့် စံချိန်တင်ခဲ့သည်။ ရီးယဲလ်နည်းပြ လိုပက်တက်ဂီက မိမိအသင်းသည် ကစားသမားများကြား ကစားကွက်ကို နားလည်ရန် အစွမ်းကုန်ကြိုးစား နေချိန်ဖြစ်ပြီး လေ့ကျင့်ချိန်ပိုရလျှင် ယခုထက်ပိုကောင်း လာဦးမည်ဟု ချီးကျူးခဲ့ကာ ယခုရာသီ လာလီဂါသုံးပွဲ ကစားအပြီး လေးဂိုးသွင်းထားနိုင်သည့် ဘင်ဇီမာသည် ယခုရာသီတွင် ဂိုး ၃၀ ကျော်သွင်းနိုင်မည်ဟု ဆိုခဲ့သည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment