Pages

Tuesday, September 18, 2018

ရှားပါးသတ္တဝါများ သေဆုံးပါက ပျောက်ကွယ် မသွားစေရန် ရုပ်လုံးသွင်း ပြသနေ



ရန်ကုန် ၁၈-၉-၂၀၁၈

တိရစ္ဆာန်ဥယျာဉ်များမှ ရှားပါးသည့် သတ္တဝါများ သေဆုံးပါက ပျောက်ကွယ်သွား ခြင်းမရှိစေရေး အများပြည်သူ အမြဲလာရောက် လေ့လာကြည့်ရှုနိုင်စေရန် ရုပ်လုံးသွင်းထားကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ရုပ်လုံးသွင်း ပညာရှင် ဦးဘော်သန်းထံမှ သိရသည်။ 

'တိရစ္ဆာန်ဥယျာဉ်က သေပြီးသား တိရစ္ဆာန်တွေ ရောက်လာရင် အဲဒီအကောင်ရဲ့ အနေအထား၊ အလှအပ၊ အမွေးလှပတဲ့ ရှားပါးတဲ့ အကောင်တွေကို ရုပ်လုံးသွင်းပြီး ပြတိုက်မှာ ပြထားတယ်'' ဟု ဦးဘော်သန်း ကပြောသည်။ သေဆုံးပြီးတိရစ္ဆာန်များကို ရုပ်လုံးသွင်းရာတွင် ငှက်ကဲ့သို့ သတ္တဝါငယ်များကို တစ်ရက်တည်း ပြီးစီးအောင် လုပ်ကိုင်နိုင်သော်လည်း ခြေလေးချောင်းရှိသည့် တိရစ္ဆာန် များကို အနည်းငယ်အချိန်ယူ လုပ်ကိုင်ကြရသည်။ 

အကောင်ကြီးများကို ရုပ်လုံးသွင်းရာတွင် ၁၅ ရက်မှ ရက် ၂ဝ ခန့်အထိ ကြာမြင့်တတ်သော်လည်း အကြမ်းထည်ကို သုံးရက် အတွင်းပြီးစီးရန် အရင်လုပ်ကိုင်ပြီးမှ ကျန်ရှိသော အချောသပ်သည့် အပိုင်းကို ဖြည်ဖြည်းချင်း လုပ်ကိုင်ရ သည်။ ''သေပြီးသားတိရစ္ဆာန်တွေ သုံးရက်ကျော်သွားရင် အမွေးတွေက ကျွတ်လာတယ်။ 

အဲဒါကြောင့် အပြီးကိုင်ရတယ်။ မတ်တတ်ပုံစံမျိုး အကြမ်းထိုင်ပြီးပြီဆိုရင် နောက်ပိုင်း ဖြည်းဖြည်းချင်း အချောကိုင်လို့ရတယ်'' ဟု ဦးဘော်သန်း ကပြောသည်။ ရုပ်လုံးသွင်းပညာမှာ ဝါသနာအရင်းခံရှိရန် အရေးကြီးပြီး စိတ်ရှည်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အပါအဝင် ရန်ကုန်မြို့၌ လုပ်ကိုင်နေသည့် ရုပ်လုံးသွင်းပညာရှင် သုံးဦးရှိပြီး နေပြည်တော်၌ တစ်ဦးရှိကာ တခြားသော တိရစ္ဆာန် ဥယျာဉ်များနှင့် အပန်းဖြေဥယျာဉ်များ၌ တိရစ္ဆာန်များ သေဆုံးပါက ရုပ်လုံးသွင်းရန် အကူအညီ တောင်းလာမှုအပေါ် သွားရောက် လုပ်ကိုင်ပေးရကြောင်း သိရသည်။

# မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment