Pages

Wednesday, September 26, 2018

အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေ ထွက်ပေါ်လာပါက ရောင်းဝယ်မှု မှန်ကန်စေရန် အထောက်အကူပြုနိုင်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလည်း အားကောင်း လာနိုင်မည်ဖြစ်



ရန်ကုန် ၂၆-၉-၂ဝ၁၈

အိမ်ခြံမြေဝန်ဆောင်မှုနှင့် ပတ်သက်သည့် ဥပဒေတစ်ရပ် မကြာမီ ထွက်ပေါ်လာမည်ဖြစ်ရာ အဆိုပါဥပဒေသည် အိမ်ခြံမြေ ရောင်းဝယ်မှု မှန်ကန်စေရန် အထောက်အကူ ပြုစေမည့်အပြင် တည်ငြိမ်သည့် သတ်မှတ်ချက် များကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုလည်း အားကောင်းလာစေနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်ထံမှ သိရသည်။ 

''မကြာမီကာလအတွင်းအိမ်ခြံမြေဝန်ဆောင်မှု ဥပဒေသစ် ထွက်ပေါ်လာဖို့ရှိတယ်။ အခု ဒီဥပဒေက ပြည်သူ့လွှတ်တော်ကို ရောက်နေပါပြီ။ ဒီလိုထွက်ပေါ်လာတဲ့အတွက် အိမ်ခြံမြေအကျိုးဆောင်တွေ အနေနဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်တွေ၊ လုပ်ငန်းတွေကို လုပ်နိုင်စေဖို့နဲ့ အိမ်ခြံမြေဥပဒေ သင်တန်းတွေ တက်ရောက်နိုင်ဖို့ အစပျိုးပေးတဲ့ အနေနဲ့ အခြေခံသင်တန်းတွေပေးပြီး အိမ်ခြံမြေဥပဒေနဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေ ဆောင်ရွက်နေပါတယ်။ 

အကျိုးဆောင်တွေအနေနဲ့ သိသင့်သိထိုက်တဲ့ အရှုပ်အထွေးတွေ၊ ပြဿနာတွေ၊ ဖြေရှင်းရမယ့်ကိစ္စတွေကို နားလည်အောင် အခမဲ့ပို့ချပေးမှာပါ။ နိုင်ငံတကာနဲ့ယှဉ်ရင် ပြည်သူတွေရဲ့ အခက်အခဲပြဿနာတွေကို ဖြေရှင်းတာတွေက ဌာနဆိုင်ရာနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့အတွက် သိသင့်သိထိုက်တာနဲ့ ပတ်သက်ပြီး သိဖို့လိုအပ်နေ ပါပြီ'' ဟု ဦးတင်မောင်ကပြောသည်။ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေထွက်ပေါ်လာလျှင် ပြည်သူလူထုအတွက် အထောက်အကူပြုမည်ဖြစ်ပြီး လက်ရှိတွင် အကျိုးဆောင် လုပ်ကိုင်သူများသည် မည်သူမဆို ပြုလုပ်နိုင်ပြီး တန်ဖိုးကြီးသော ငွေကြေးများ လိမ်လည်မှု၊ ရောင်းမှား၊ ဝယ်မှားဖြစ်လျှင် တာဝန်ခံမည့်သူက အရေးကြီးကြောင်း၊ အကျိုးဆောင်လိုင်စင်မရှိလျှင် အကျိုးဆောင်အစစ်၊ အတုခွဲခြားရန် ခက်ခဲကြောင်း၊ အကျိုးဆောင်ကို လိုင်စင်ဖြင့် ပြဋ္ဌာန်းလိုက်သဖြင့် အပြစ်ဖြစ်လျှင် အကျိုးဆောင် လိုင်စင်သိမ်း ခံရမည်ဖြစ်သဖြင့် အကျိုးဆောင် ကျင့်ဝတ်ဥပဒေများကို လိုက်နာလိမ့်မည်ဖြစ်ကြောင်းနှင့် ထိုဥပဒေ ထွက်ပေါ်လာလျှင် ယခုဖြစ်ပေါ်နေသောအိမ်ခြံမြေပိုင်ဆိုင်မှု အရှုပ်အရှင်းပြဿနာ လျော့ပါး လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment