Pages

Wednesday, September 26, 2018

ကမ်းလွန်လုပ်ကွက်အမှတ် A-6 ရှိ ရွှေရည်ထွန်း(၂)တွင် စီးပွားဖြစ် ထုတ်လုပ်နိုင်မည့် သဘာဝ ဓာတ်ငွေ့တွေ့ရှိ



နေပြည်တော် ၂၆-၉-၂ဝ၁၈

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၌ ယနေ့ မွန်းလွဲ ၁ နာရီတွင် သဘာဝဓာတ်ငွေ့ တွေ့ရှိမှုနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ခြင်း အခမ်းအနားကို ကျင်းပသည်။ အဆိုပါအခမ်းအနားတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၁ဝ၂ ကီလိုမီတာခန့်အကွာ ကမ်းလွန်လုပ်ကွက်အမှတ် A-6 ရှိ ရွှေရည်ထွန်း(၂) တွင် စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် သဘာဝဓာတ်ငွေ့များကို ၂ဝ၂၃ ခုနှစ်တွင် ထုတ်လုပ်နိုင်ရန် လျာထားကြောင်း ပြောကြားသည်။ 

အဆိုပါ လုပ်ကွက် A-6 တွင် ရင်းနှီးမြှုပ်နှံမှု အနေဖြင့် MPRL E & P မှ ၂ဝ ရာခိုင်နှုန်း၊ သြစတြေးလျနိုင်ငံ Woodside Energy (Myanmar) Pte.,Ltd. မှ ၄ဝ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ TOTAL E & P Myanmarကုမ္ပဏီမှ ၄ဝ ရာခိုင်နှုန်း ပါဝင်ကာ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းများကို အကျိုးတူပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ''အဲဒီလုပ်ကွက်က စီးပွားဖြစ် ဓာတ်ငွေ့ထွက်ပြီဆိုရင် အနည်းဆုံး ၂ဝ၂၃ ခုနှစ်လောက်မှ ထုတ်နိုင်မယ်။ ကြားထဲမှာ အချိန် လေး၊ ငါးနှစ်ပေးရမယ်။ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး မြန်မြန်ဆန်ဆန်ရရှိအောင် ၂ဝ၂၃ ခုနှစ်မှာ A-6 ကနေ ဓာတ်ငွေ့ကို ထုတ်ပေးဖို့ ညှိနှိုင်းထားတယ်။ ထွက်လာတဲ့ဓာတ်ငွေ့ရဲ့ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းသုံးခွင့်အတွက် ကမ္ဘာ့ပေါက်ဈေးထက် နိမ့်တဲ့ဈေးနဲ့ရပါတယ်။ 

ဒီလုပ်ကွက်ကို လုပ်တဲ့ကုမ္ပဏီ အနေနဲ့ကလည်း တွင်းတစ်တွင်းကို ငွေကြေးသန်းနဲ့ချီ ရင်းနှီးမြှုပ်နှံရတဲ့အတွက် ဒီ ၂၅ ရာခိုင်နှုန်းထက် ပိုလိုချင်တယ်ဆိုရင် ကမ္ဘာ့ပေါက်ဈေးအတိုင်း ပေးဝယ်ရမှာပါ။ သူတို့က ပြည်ပကို ရောင်းချရင်လည်း ကျွန်တော်တို့အနေနဲ့ ဝင်ငွေခွန်အဖြစ် ပြန်ရပါတယ်''ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။ အဆိုပါ လုပ်ကွက် A-6 ရွှေရည်ထွန်း(၂)ကို ၂ဝ၁၈ ခုနှစ် ဇူလိုင် ၂ဝ ရက်တွင် စတင်တူးဖော်ခဲ့ပြီး ခန့်မှန်းအနက် ၄၈၅ဝ မီတာ ရှိပြီး ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် သဲကြော အထူ ၄ဝ မီတာကို စမ်းသပ်ခဲ့ရာ သဘာဝဓာတ်ငွေ့ တစ်နေ့လျှင် ပျမ်းမျှ ၅ဝ ကုဗပေသန်း စမ်းသပ်တွေ့ရှိကြောင်း သိရသည်။ 

''ထုတ်လုပ်ရေးလုပ်ငန်း လုပ်ဖို့အတွက် ရေနက်ပိုင်းမှာ ထုတ်လုပ်ရေးတွင်းတွေ တူးတာ၊ ပိုက်လိုင်းတွေ တည်ဆောက်တာ၊ ကုန်းတွင်းပိုင်းမှာ ပိုက်လိုင်းသွယ်ရန် အတွက် တည်ဆောက်တာ သုံးနှစ်ကြာမှာဖြစ်တယ်။ ငါးနှစ်အတွင်း ထုတ်လုပ်ဖို့ မှန်းတယ်ဆိုရင်တောင်နောက်နှစ်နှစ်အတွင်း အောက်မှာခိုအောင်းတဲ့ ပမာဏရလဒ်ကို စမ်းသပ်ဖို့ရှိတယ်''ဟု MPRL E & P ၏ Country Manager ဖြစ်သူ ဦးစည်သူမိုးမြင့် ကပြောသည်။ အဆိုပါ လုပ်ကွက်နှင့်ပတ်သက်၍ ထုတ်လုပ်ချိန်တွင် လည်းကောင်း၊ အရောင်းအဝယ် ပြုလုပ်ချိန်တွင် လည်းကောင်း ပြည်တွင်းရော ပြည်ပတွင်ပါ စာချုပ်ချုပ်ဆိုရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့်နှစ်နှစ်အတွင်း စာချုပ်အားလုံး ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment