Pages

Wednesday, August 29, 2018

မွန်ပြည်နယ်၌ မိုဘိုင်း - Tablet ဖုန်းများဖြင့် ဖွား သေစာရင်း မှတ်ပုံတင်ခြင်း ဆောင်ရွက်မည်



နေပြည်တော် ၂၉-၈-၂ဝ၁၈

ဒစ်ဂျစ်တယ် နည်းပညာစနစ်သုံး မိုဘိုင်း- Tablet ဖုန်းများဖြင့် မွေးဖွားမှုနှင့် သေဆုံးမှု စာရင်းများ အွန်လိုင်းမှ မှတ်ပုံတင်ခြင်း တို့ကို ရှေ့ပြေးစီမံချက် အနေဖြင့် မွန်ပြည်နယ်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အခြား အဖွဲ့အစည်းများ ပူးပေါင်း၍ စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော်ရှိ Grand AmaraHotel ၌ ကျင်းပသည့် မိုဘိုင်းနည်းပညာ အသုံးပြု၍ မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်း စီမံချက် မိတ်ဆက်သည့် အခမ်းအနားမှ သိရသည်။

မြန်မာနိုင်ငံတွင် ဖွား၊ သေစာရင်းနှင့် ပတ်သက်၍ လွန်ခဲ့သည့် ၂ဝဝ၁ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်အထိ မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် အဆိုပါ မွေးဖွားမှု၊ သေဆုံးမှု စာရင်းများကို အွန်လိုင်း မှတစ်ဆင့် တစ်နိုင်ငံလုံးတွင် မိုဘိုင်း - Tablet ဖုန်းများဖြင့် ကောက်ယူ မှတ်ပုံတင်နိုင်ရန် လာမည့် ဘဏ္ဍာနှစ်မှ စတင်ကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ UNICEF (မြန်မာ)နှင့် တယ်လီနောတို့ ပူးပေါင်းကာ မွန်ပြည်နယ်၌ စတင်၍ ရှေ့ပြေး စီမံချက် အနေဖြင့် စမ်းသပ် ကောက်ယူ မှတ်ပုံတင် မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါ စီမံချက်မှ ရရှိလာသည့် အချက်အလက်များကို နိုင်ငံတစ်ဝန်း e-platform ဖြင့် ဖွား၊ သေစာရင်းများ မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ရန်အတွက် မူဝါဒများ ရေးဆွဲရာတွင် အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း၊ ယင်းရှေ့ပြေးစီမံချက်ကို ၂ဝ၁၈ ခုနှစ် ဇူလိုင် ၂ ရက်က စ၍ ရှေ့ပြေး လုပ်ငန်းများ စတင် ဆောင်ရွက်လျက်ရှိပြီး ၂ဝ၁၉ ခုနှစ်တွင် မွန်ပြည်နယ်၌ ကွင်းဆင်း ကောက်ယူမှုများ ပြုလုပ်မည် ဖြစ်ကာ လပေါင်း ၂ဝ ကာလ အထိဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

''လက်ရှိ မြန်မာနိုင်ငံရဲ့ ဖွား၊ သေစာရင်းနဲ့ ပတ်သက်ပြီး ပြဿနာ ကတော့ တော်တော်များများ ရှိနေပါသေးတယ်။ စာရင်းဇယား မှန်ကန်ဖို့အတွက် အများကြီး လိုအပ်နေပါ သေးတယ်။ လက်ရှိ ရပ်ကွက်/ကျေးရွာ ဥပဒေအောက်မှာ GAD ကနေ ပြီးတော့ ဖွား၊ သေစာရင်း အချက်အလက် ဒေတာတွေ ကောက်ယူနေတာ မှန်ပါတယ်။ ဗဟိုစာရင်းအင်း အဖွဲ့က နေလည်း ကျန်းမာရေး အောက်ခြေဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး အောက်ခြေထိ ကွင်းဆင်း ကောက်ယူမှုတွေ လုပ်နေတယ် ဆိုပေမယ့် စနစ်တကျ ကောက်ယူဖို့ လိုအပ်နေတဲ့ ကိစ္စရပ်တွေ ရှိနေပါသေးတယ်။ အခုလို မိုဘိုင်းနဲ့ ဒေတာတွေ ကောက်ယူတဲ့ စနစ်ကို ဆောင်ရွက် နိုင်ခြင်းအားဖြင့် အခက်အခဲတွေ အများကြီးကို ကျော်လွှား နိုင်ပြီးတော့ ပိုမိုအားကောင်းလာတဲ့ စီမံအုပ်ချုပ်မှုပိုင်း ဆိုင်ရာ ဒေတာတွေ အများကြီး ရရှိလာမှာ ဖြစ်ပါတယ်'' ဟု ဗဟိုစာရင်းအင်း အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်က ပြောသည်။

ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ယခင်အချိန်များက အရှင်မွေး လက်မှတ် ရရှိရန်အတွက် အချိန်သုံးလမှ ခြောက်လအထိ ကြာမြင့်ခဲ့ရာမှ ယခုနောက်ပိုင်းတွင် အချိန်တစ်လအတွင်း ရှိနိုင်မည် ဖြစ်ကာ သားဖွားဆရာမများကိုလည်း အချက်အလက်များ စာရင်းသွင်းပုံ၊ အသုံးပြုပုံ များကို အသိပညာ ပေးမှုများလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment