Pages

Friday, August 31, 2018

ဆွာမြို့ရှိ ဆွာချောင်းရေလှောင်တမံ၊ ပင်မရေပိုလွှဲတံခါး ကျိုးပေါက်မှုကြောင့် ရေကြီးနစ်မြုပ် မှုဖြစ်ပွားခဲ့ရာ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်







နေပြည်တော် ၃၁-၈-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ဆွာချောင်းရေလှောင်တမံ၏ ရေပိုလွှဲတံခါးသည် ၂၀၁၈ ခုနှစ်၊ သြဂုတ် ၂၉ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က အရှည် ပေ ၃၆၀ ခန့်ကျိုးပေါက်ပြီး ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၈ စုမှ ကျေးရွာ ၈၅ ရွာမှ ဒေသခံပြည်သူများ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းများ၊ ဌာနဆိုင်ရာများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။

ရေတာရှည်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၈ စု၊ ကျေးရွာပေါင်း ၈၅ ရွာ၊ အိမ်ခြေ ၁၀၉၁၆၊ အိမ်ထောင်စု ၁၀၉၃၈ စု၊ လူဦးရေ ၄၉၃၈၂ ဦး၊ ရေဘေးသင့်ခဲ့ကြပြီး ရေဘေးသင့်ပြည်သူများအတွက် ရေတာရှည်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁၇ ခုနှင့် တောင်ငူမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၁၆ ခု ဖွင့်လှစ်ထားရှိခဲ့ကာ ကယ်ဆယ်ရေး လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် အဆိုပါဆွာရေလှောင်တမံမှ ထပ်မံရေကျော်ကျမှုမရှိ ကြောင်းနှင့် ရေ၀င်ခဲ့သည့် နေရာများတွင် ရေကျဆင်းသွားသဖြင့် ရေဘေးကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့်ပြည်သူများအား တပ်မတော်ပိုင် မော်တော်ယာဉ်များဖြင့် နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား အနယ်နယ်အရပ်ရပ်မှ စေတနာရှင် ပြည်သူများပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်းများ ၊ ရေသန့်နှင့် ဆန်အိတ်များကို တပ်မတော်ပိုင် အသက်ကယ်ဖိုက်ဘာလှေများဖြင့် ကျေးရွာ များသို့ သွားရောက်ပေးပို့ခဲ့သည်။

ရေကြီးနစ်မြုပ်မှုဖြစ်ပွားရာနေရာများသို့ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တောင်ငူနှင့် ရေတာရှည်တပ်နယ်တို့မှ တပ်မတော်သားများက တပ်မတော်ပိုင် မော်တော်ယာဉ် ၂၉ စီးဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းနှင့် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။

ထို့ပြင် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းသည် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆွာချောင်းတံတား၌ နေရပ်ပြန်ရေဘေးသင့်ပြည်သူများ အား လိုက်လံပို့ဆောင်ပေးနေမှု များ၊ ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၆၅ ယာယီဘေလီတံတား တည်ဆောက်နေမှု၊ ကေတုမတီမြို့ ရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများ ကို တိုင်းစစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment