Pages

Monday, August 27, 2018

နိုင်ငံတကာစစ်ဘက် ဆိုင်ရာတေးဂီတပွဲတော် ဒုတိယနေ့ ဆက်လက်ကျင်းပ



နိုင်ငံတကာစစ်ဘက်ဆိုင်ရာ တေးဂီတပွဲတော် International Military Tatto (Spasskaya Tower) ဒုတိယနေ့ကျင်းပစဉ်။

နေပြည်တော် ၂၇-၈-၂ဝ၁၈

နိုင်ငံတကာစစ်ဘက်ဆိုင်ရာ တေးဂီတပွဲတော် International Military Tatto (Spasskaya Tower) ဒုတိယနေ့ကို သြဂုတ် ၂၅ ရက် ဒေသစံတော်ချိန် ည ၈ နာရီတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီ (Red Square) ၌ ကျင်းပသည်။

ရှေးဦးစွာ နိုင်ငံတကာစစ်တီးဝိုင်းအဖွဲ့များမှ တေးသီချင်းများ၊ ကကွက်များ၊ ပုံဖော်မှုများဖြင့် တစ်ဖွဲ့ချင်းစီအလိုက် ဖျော်ဖြေကြသည်။ မြန်မာ့တပ်မတော် စစ်တီးဝိုင်းအဖွဲ့အနေဖြင့် ကွင်းအတွင်းသို့ "တပ်မတော်" စစ်ချီတေးသီချင်း အားတီးမှုတ်ဝင်ရောက်ပြီး (MYANMAR)စာလုံးအား "ပြည်သူ့တပ်မတော်" စစ်ချီသီချင်းဖြင့် ညီညာစွာပုံဖော်ပြသသည်။ ဆက်လက်၍ညီညာမှုကိုပြသသော ကကွက်များဖြင့် ဖျော်ဖြေပြီး ဧည့်ခံပုံစံနေရာယူ၍ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ဖော်ကျူးရေးစပ်ထားသော တေးသီချင်းတစ်ပုဒ်ဖြစ်သည့် "စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်" နှင့် မြန်မာသံစဉ်တေးသီချင်း ဖြစ်သော "ဒိုးကလေး" သီချင်းတို့အား တီးမှုတ်ဖျော်ဖြေသည်။

ယင်းနောက် "အောင်လံဝင့်ဝင့် သမိုင်းအဆင့်ဆင့်" တေးသီချင်းအား တီးမှုတ်လျက်ကွင်းအတွင်းမှ ညီညာစွာပြန်လည် ထွက်ခွာကြသည်။ ထို့နောက် အဖွဲ့များသည် ကွင်းအတွင်း၌ နေရာယူကြပြီး Spasskaya Tower 2018 သီချင်းများအပါအ၀င် တေးသီချင်းနှစ်ပုဒ်အား သံပြိုင်တီးမှုတ်ကြပြီး Farewell Slavianka တေးသီချင်းကိုတီးမှုတ်၍ ကွင်းအတွင်းမှပြန်လည် ထွက်ခွာကြသည်။

ယခု(၁၁) ကြိမ်မြောက်ကျင်းပသော တေးဂီတပွဲတော်ဖျော်ဖြေပွဲသို့ မြန်မာ့တပ်မတော်စစ်တီးဝိုင်းအဖွဲ့အနေဖြင့် ပထမဆုံးအကြိမ် ၀င်ရောက်ဖျော်ဖြေခြင်းဖြစ်ပြီး လာရောက်ကြည့်ရှုအားပေးကြသော ပရိသတ်များမှလည်း ကြိုက်နှစ်သက်ကြကြောင်း သိရှိရသည်။

အဆိုပါတေးဂီတပွဲတော်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီ၌ နိုင်ငံပေါင်း၁၂ နိုင်ငံမှ အဖွဲ့ပေါင်း ၂၁ ဖွဲ့ဖြင့် သြဂုတ် ၂၄ရက်မှ စက်တင်ဘာ ၂ ရက်အထိ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment