Pages

Thursday, August 2, 2018

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ရေဘေးရှောင် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်၊ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း








နေပြည်တော် ၂-၈-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုများကြောင့် ရွှေကျင်မြို့၊ ဂန့်ဂေါ်ဝိုင်းရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ ခေတ္တပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် ရေဘေးရှောင်ပြည်သူ များအား ဇူလိုင် ၃၁ ရက် တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါရုံး၌ ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ရေဘေးရှောင်ပြည်သူ ၃၂၈ ဦး တို့ကို ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ အဆုတ်ရောင်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများအား ရွှေကျင်မြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထို့ပြင်ရေကြီးရေလျှံမှုများကြောင့် တောင်ငူမြို့၊ ပေါ်တော်မူ ရှေးဟောင်းသမိုင်းဝင် ဘုရားကြီး၊ ခေမာသီဝံဘုရားနှင့် စပ္ပါယ်ခြံရေဘေး ကယ်ဆယ်ရေးစခန်းတို့ရှိ ရေဘေး ရှောင်ပြည်သူ ၁၄၆၃ ဦးအတွက် တောင်ငူတပ်နယ်မှ တပ်မတော်သားများက ဆန် ၁၅ အိတ်၊ ရေသန့်ဘူး ၁၅ဝဝ ဘူးနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ ကလျာဏီဘုန်းတော်ကြီးကျောင်း၌ ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရေဘေးရှောင် ပြည်သူအိမ်ထောင်စု ၂၈၆ စုမှ လူဦးရေ ၁၄၄၄ ဦးအတွက် ပဲခူးတပ်နယ်မှ တပ်မတော်သားများက စားသောက်ဖွယ်ရာများကို လည်းကောင်း အသီးသီး ပေးအပ် လှူဒါန်းကြသည်။

အလားတူ ရေဘေးရှောင် ပြည်သူများအတွက် စေတနာရှင်ပြည်သူများက လှူဒါန်း သည့်ဆန် ၃၅ဝ အိတ်၊ ရေသန့်ဘူးကြီး ၁၅ဝ ဘူးနှင့် စားသောက်ဖွယ်ရာများကို ရွှေကျင်တပ်နယ်မှ တပ်မတော်သားများက မဒေါက်မြို့မှ ရွှေကျင်မြို့အထွေထွေ အုပ်ချုပ်ရေးမှူး ရုံး၌ ဖွင့်လှစ်ထားရှိသည့် ရွှေကျင်မြို့နယ် ရေဘေးကယ်ဆယ်ရေး ကွပ်ကဲမှုရုံးသို့ သယ်ယူပို့ဆောင်ပေးပြီး ထိုမှတစ်ဆင့် ရေဘေးသင့်ကျေးရွာများသို့ ထောက်ပံ့လှူဒါန်းနိုင်ရန် စက်လှေဆိပ် များသို့ သယ်ယူပို့ဆောင်ပေးသည်။

၎င်းအပြင် ရွှေကျင်တပ်နယ်နှင့် ညောင်လေးပင်တပ်နယ်တို့မှ တပ်မတော်သားများက မဒေါက်မြို့ရှိ မဒေါက်တာပေါင်ကြံ့ခိုင်မှု ရှိစေရေးအတွက် သဲအိတ်ဖို့ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment