Pages

Friday, August 3, 2018

နှစ် ၁ဝဝနီးပါး သက်တမ်းရှိသော မန္တလေးမြို့က သာသနဇောတိက အုတ်ကျောင်းတော်ကြီးကို ပြုပြင်ထိန်းသိမ်းစေလို



မန္တလေး ၃-၈-၂ဝ၁၈

မန္တလေး အောင်မြေသာစံမြို့နယ် ၈၇ လမ်း၊ ၂ဝ-၂၁လမ်းကြားရှိ ခေမာသီဝံ ကျောင်းတိုက်အတွင်းမှ နှစ်ပေါင်း၁ဝဝနီးပါး သက်တမ်းရှိသော အမိုးအကာမဲ့ ပျက်စီးယိုယွင်းနေသည့် ကိုလိုနီခေတ်လက်ရာဟန် သာသနဇောတိက နှစ်ထပ်အုတ် ကျောင်းတော်ကြီးကို ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်စေလိုကြောင်း မန္တလေးမြို့မှ စာရေးဆရာကြီး နတ်မောက် ဦးထွန်းရှိန်က ပြောပြ၍ သိရသည်။

အဆိုပါ ကျောင်းတော်ကြီးကို သီပေါမင်းလက်ထက် ၁၂၈၁ခုနှစ်က မင်းတုန်းမင်းနှင့် သီပေါမင်း မင်းနှစ်ပါးဆက် ကိုးကွယ်ခဲ့သည့် ပထမခေမာသီဝံ ဆရာတော်သက်တော် ၆၄နှစ် သိက္ခာတော် ၄၄ဝါအရောက်တွင် ဇရပ်အစ်မ ကြီး၏ သမီးမမဇင်က ရွှေ၊ ဖန်၊ မှန်တို့ဖြင့် ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ သံဃာတော်အပါး ၂ဝဝကျော် သီတင်းသုံးနိုင်သော လှေကားလေးစင်းပါ အုတ်ကျောင်းတော်ကြီး ဖြစ်ကြောင်း၊ စစ်အတွင်းဗုံးဒဏ်ကြောင့် တောင်ဘက်ခြမ်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

"ခေမာသီဝံကျောင်းတိုက်နဲ့ ဒီအုတ်ကျောင်းကြီးက သီပေါမင်းလက်ထက်မှာ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တော်ရတဲ့ ခေမာသီဝံ ဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ ရှေးဟောင်း ကျောင်းတော်ကြီးပါ။ နှစ်ပေါင်း ၈ဝကျော် ပြုပြင်မှု မဲ့နေတဲ့အတွက် ကျောင်းတော်ကြီးက ပျက်စီးနေပြီး နေလို့မရတော့ပါဘူး။ ဒီတိုက်ကြီးကို လူအချို့က သာမန်လို့ပဲ သိကြပေမယ့် အမှန်က ဒီတိုက်က ရှေးဟောင်းသမိုင်းဝင် ကျောင်းတိုက်ပါ။ အုတ်၊အင်္ဂတေ တွေနဲ့ဆောက်ထားပြီး မြန်မာမှုလက်ရာတွေ အဓိကပါတဲ့ ကျောင်းကြီးပါ။ ဒီသာသနဇောတိက အုတ်ခကျောင်းကြီးကို ရှေးမူမပျက် ပြုပြင်လိုက်ရင် ယောမင်းကြီးအုတ် ကျောင်းတော်ကြီးလို မြန်မာမှုဗိသုကာ လက်ရာတွေနဲ့ ကြည်ညိုသဒ္ဓါပွားများဖွယ်မြင်တွေ့လာနိုင်မှာပါ။ သက်ဆိုင်ရာ အဖွဲ့အစည်းက ပြုပြင်ပေးစေလိုပါတယ်" ဟု ၎င်းက ပြောပြသည်။

အဆိုပါ အုတ်ကျောင်းတော်ကြီး၏ လှေကားလေးစင်းအနက် တောင်ဘက် လှေကားနှစ်စင်းမှာ ပျက်စီးယိုယွင်းနေပြီး အမိုးအကာများမရှိဘဲ တိုက်အခွံအတိုင်းသာ ကျန်ရှိနေသော်လည်း အောက်ခြေ အုတ်တိုင်ကြီးများမှာ ပကတိကောင်းမွန်စွာ ကျန်ရှိနေသေးကြောင်းနှင့် အဆိုပါ နှစ်ထပ်အုတ်ကျောင်းကြီး၏ မူလတည်ဆောက်ခဲ့သည့် ဗိသုကာလက်ရာများ၏ ခန့်ညားထည်ဝါမှုကို ပြန်လည်မြင်တွေ့ နိုင်ရန်အတွက် ဆရာတော်များက ပြုပြင်မွမ်းမံမှုများဆောင်ရွက်ရန် လိုလားလျက် ရှိကြောင်း မန္တလေးမြို့မှ စာရေးဆရာကြီး နတ်မောက် ဦးထွန်းရှိန်က ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment