Pages

Tuesday, July 10, 2018

ကျိုက်လတ်မြို့နယ်တွင် လယ်ထွန်စက်ဖြင့် ထွန်ယက်ရန်ခက်ခဲသော လယ်မြေများတွင် ကျွဲ၊ နွားများ ငှားရမ်းထွန်ယက် နေကြရ



ကျိုက်လက် ၁ဝ-၇-၂ဝ၁၈

ဧရာဝတီတိုင်း ဒေသကြီး ကျိုက်လတ်မြို့နယ်တွင် လယ်ထွန်စက်ဖြင့် ထွန်ယက်ရန် အခက်အခဲ ရှိနေသည့် လယ်မြေများတွင် ကျွဲ၊ နွားများငှားရမ်း ထွန်ယက်နေကြရသောကြောင့် ကျွဲ၊ နွားအငှား ထွန်လိုက်သူများ လုပ်ငန်းတွင် ကျယ်နေကြကြောင်း ထွန်ယက်အငှားလိုက်သူ များထံမှ သိရသည်။

ကျိုက်လတ်ဒေသ အတွင်းရှိ အချို့မြေနိမ့်ပိုင်းတွင် ရေများနေခြင်းကြောင့် စက်များဖြင့် ထွန်ယက် မရသဖြင့် ကျွဲ၊ နွားများငှားရမ်း ထွန်ယက်နေရကြောင်း သိရသည်။

"တချို့နေရာ လယ်ကွက်တွေက မြေနိမ့်ပိုင်းဆိုတော့ စက်တွေဆင်းလို့ အဆင်မပြေပါဘူး။ ရေကြီးမှုဖြစ်စဉ် ကလဲရှိတော့ နွံတွေတင်ခဲ့ပြီး အိုင်တွေရှိနေတာကြောင့် စက်မောင်းလို့ အဆင်မပြေပြန်ပါဘူး။ ကျွဲတွေ၊ နွားတွေကြတော့ ရုန်းနိုင်တယ်။ ဒါကြောင့် စက်ခေတ်မှာလဲ ကျွန်တော်တို့ အပါအဝင် မိရိုးဖလာကျွဲ၊ နွားရှိတဲ့သူတွေက အခုလို အငှားလိုက်တဲ့အတွက် ဝင်ငွေတိုးစေပြီး အဆင်ပြေတာပါ"ဟု ကျိုက်လတ်မြို့နယ်အတွင်း ကျွဲဖြင့် လယ်ထွန်အငှားလိုက် သူ ဦးဘိုလုံးက ပြောပြသည်။

ကျွဲ၊ နွားများဖြင့် လယ်ထွန် အငှားလိုက် နေသူများသည် နေ့စားအငှားလိုက် သူများရှိသကဲ့သို့ ဧကနှုန်းဖြင့် အငှားလိုက်သူများ လည်းရှိသည်။ နေ့စားအနေဖြင့် တစ်ရက်လျှင်ငွေကျပ် ၈ဝဝဝ၊ ဧကနှုန်းဖြင့် တစ်ဧကလျှင် ငွေကျပ်၅၅ဝဝဝဖြင့် အငှားလိုက်နေရပြီး ဇွန်လကုန် ပိုင်းမှစတင်ကာ ယနေ့အချိန်ထိ နားရက်မရှိ အငှားလိုက်နေရကြောင်း သိရသည်။

"ရေနက်ကွင်း မြေနိမ့်ပိုင်းမို့ စက်တွေ ဆင်းမရတဲ့အတွက် မစိုက်ဘဲလဲ မထားနိုင်ပါဘူး။ ဒါကြောင့် စက်ဆင်းလို့ အဆင်မပြေတဲ့ နေရာတွေကို ထွန်ယက်ဖို့ ကျွဲ၊ နွားတွေ ငှားရမ်းထွန်ယက် နေကြရတာပါ။ စက်နဲ့ထွန်ယက် ခထက် ကျွဲ၊ နွားထွန်ယက်ခက တစ်ဧကကို ငွေကျပ် ၁ဝဝဝဝ လောက်တော့ ပိုပေးရပါတယ်"ဟု ကျိုက်လတ်မြို့နယ် ကြည်ဝိုင်းကျေးရွာမှ တောင်သူ ဦးဝင်းကြည်က ပြောပြသည်။

လယ်ထွန်စက်များဖြင့် လယ်ထွန်ခြင်းသည် ကျွဲ၊ နွားများဖြင့် လယ်ထွန်ခြင်းထက် ပိုမိုမြန်ဆန်သဖြင့် ကျိုက်လတ်မြို့နယ် အတွင်းရှိ တောင်သူများသည် ကျွဲ၊ နွားများကို ရောင်းချကာ ထွန်စက်များဝယ်ယူ ထွန်ယက်နေခြင်းကြောင့် ကျွဲ၊ နွားရှိသူ နည်းပါးနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment