Pages

Monday, July 9, 2018

ထန်းပင်များတွင် ပျားကောင်များ အုံဝဲနေမှုကြောင့် ရေစကြိုမြို့နယ် ထန်းတောင်သူများ လုပ်ငန်းခွင်နှောင့်နှေးကာ ထန်းလျက်အထွက်နှုန်းလျော့ကျ



ရေစကြို ၉-၇-၂ဝ၁၈

ရေစကြိုမြို့နယ်အတွင်း မိရိုးဖလာလုပ်ငန်း တစ်ခုဖြစ်သော ထန်းလုပ်ငန်းကို ယနေ့အချိန်ထိ ထန်းတောင်သူအနည်းစု လုပ်ကိုင်လျက်ရှိရာ ယခုအခါ အဆိုပါ တောင်သူများသည် ထန်းပင်များတွင် ပျားကောင်များ အုံဝဲနေမှုကြောင့် လုပ်ငန်းခွင်နှောင့်နှေးကာ ထန်းလျက် အထွက်နှုန်းများ လျော့ကျနေကြောင်း ရေစကြိုမြို့နယ် ထန်းတောင်သူများထံမှ သိရသည်။

ယခုအခါ ထန်းမရာသီ အချိန်ရောက်နေပြီး ဖြစ်သည့်အတွက် ထန်းတောင်သူများသည် ထန်းလျက် အထွက်နှုန်းများ တိုးတက်ရရှိအောင် စနစ်တကျလုပ်ကိုင် လျက်ရှိသော်လည်း ထန်းပင်မှ ထန်းမခိုင်များတွင် ပျားကောင်များ ရှိနေသဖြင့် ထန်းသမားများမှာ ထန်းတက်ရာတွင် လုပ်ငန်းနှောင့်နှေးမှု များဖြစ်ကာ ထန်းလျက်အထွက်နှုန်းများလည်း လျော့ကျလာကြောင်း သိရသည်။

"ထန်းလျက် အထွက်နှုန်း နည်းတယ်ဆိုတာ ထန်းရည်ချိုကို ပျားကောင်တွေက စုပ်ယူလို့မဟုတ်ပါဘူး။ ပျားကောင်တွေ အုံဝဲနေလို့ လုပ်ကိုင်နေရတဲ့ ထန်းသမားတွေက ပျားအန္တရာယ် ကြုံတွေ့နေရပြီး ထန်းမခိုင်ကို စနစ်တကျ မလှီးနိုင်တာကြောင့် ထန်းရည်ချို အထွက်နည်းပြီး ထန်းလျက်အထွက်နှုန်းလဲ လျော့နည်းရတာ ဖြစ်ပါတယ်"ဟု ရေစကြိုမြို့နယ် လက်ပန်ပင်ကျေးရွာမှ ထန်းတောင်သူ ဦးသန့်စင်က ပြောပြသည်။

ရေစကြိုမြို့နယ်ရှိ ထန်းတောင်သူများ အနေဖြင့် လယ်ယာလုပ်ငန်းနှင့် အခြား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေသည့်အတွက် ထန်းတောင်သူများ လျော့နည်းလျက် ရှိကြောင်း၊ ယခုအခါ ရေစကြိုမြို့နယ်အတွင်း ရေဝင်ပိုင်းဒေသရှိ ထန်းပင်များ ပျားကောင်များ၊ ပျားအုံများ စွဲကပ်နေပြီး ထန်းတောင်သူများ ပျားအန္တရာယ်နှင့် ကြုံတွေ့ကာ အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့် ထန်းသမားများမှာထန်းကို စနစ်တကျလှီး၍မရသဖြင့် ထန်းလျက် အထွက်နှုန်းလည်း လျော့ကျနေရကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment