Pages

Friday, July 6, 2018

ပလတ်စတစ်ဖော့ဘူးများ အသုံးပြုမှုရပ်ဆိုင်းရန် စီမံချက်ရေးဆွဲ



မန္တလေး ၆-၇-၂ဝ၁၈

ပလတ်စတစ်ဖော့ဘူး အသုံးပြုမှု ရပ်ဆိုင်းနိုင်ရေးအတွက် စီမံချက် ရေးဆွဲလျက်ရှိသည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးတင့်အောင်က ပြောပြသည်။

ဖော့ဘူးများ အလွန်အကျွံသုံးစွဲ ခြင်းကြောင့် ချောင်းများ၊မြောင်းများ ပိတ်ဆို့လျက်ရှိပြီး အမှိုက်ထွက်ရှိမှုအတွက် လုပ်သားများ ပိုမိုအားစိုက် လုပ်ကိုင်နေရကြောင်း သိရသည်။

ဖော့ဘူးများသည် မိုးရာသီကာလ ချောင်းများ၊မြောင်းများအတွင်း ပိတ်ဆို့ပါက ချောင်းများ၊ မြောင်းများရေလျှံပြီး မသန့်ရှင်းသော ရေများလူနေရပ်ကွက် များအတွင်း ဝင်ရောက်ခြင်းနှင့် ရေဝပ်ခြင်းများ ဖြစ်နိုင်သည့်အပြင် ချေဖျက်နိုင်ခြင်း မရှိသဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ကိုလည်း ကြုံတွေ့နေရသည်ဟု သိရသည်။

စွန့်ပစ်ဖော့ဘူးများမှာ ချောင်းများ၊ မြောင်းများအတွင်း အများဆုံး ဝင်ရောက်နေပြီး လက်ရှိတွင် စည်ပင်မှ အကောင်အထည် ဖော်လျက်ရှိသော သင်္ဂဇာပတ်လမ်း သာယာလှပရေးနှင့် သင်္ဂဇာချောင်း သန့်ရှင်းရေးအတွက် ချောင်းအတွင်း အမှိုက်စွန့်ပစ်ခြင်းကို တားမြစ်ခြင်းနှင့် ပညာပေးလုပ်ငန်းများ စတင်သွားမည်ဟု သိရသည်။

ဖော့ဘူး ထုတ်လုပ်သူများ၊ ရောင်းချသူများအနေဖြင့် ဈေးကွက်တွင်း ပို့ဆောင်မှုသာရှိ၍ ချေဖျက်ပေးခြင်း မရှိရာ နေရာအနှံ့တွင် ဖော့ဘူးခွံများ ပျံ့နှံ့လျက်ရှိပြီး လက်ရှိတွင် ဖော့ဘူးပြဿနာသည် ပလတ်စတစ်ထက်ပင် ပိုဆိုးသော အခြေအနေဖြစ်ပြီး အသုံးပြုမှု ရပ်ဆိုင်းခြင်းဖြင့် သာဖြေရှင်းရန်ရှိသည်ဟု ဦးစိုးတင့်အောင်က ပြောပြသည်။

ဖော့ဘူးအသုံးပြုမှု ရပ်ဆိုင်းနိုင်ရေး အတွက် စီမံချက်ကိုတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ထားပြီး မကြာမီအကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။ အမှိုက်နှင့် ပတ်သက်ပြီး ဥပဒေများ ဖော်ဆောင်သွားမည် ဖြစ်ပြီးချောင်းများ၊ မြောင်းများအတွင်း အမှိုက်ပစ်ခြင်းအတွက် ဒဏ်ငွေသတ်မှတ်ထား၍ သတင်းပေးတိုင်ကြား သူကိုဒဏ်ငွေ၏ ထက်ဝက်ကို ပေးအပ်သွားမည်ဟု သိရသည်။

"ချောင်းမြောင်းတွင်း အမှိုက်ပစ်ရင် ဒဏ်ငွေကျပ် ငါးသောင်း သတ်မှတ်ပြီး သတင်းပေးရင် ငွေကျပ် ၂၅ဝဝဝရပါမယ်" ဟုဦးစိုးတင့်အောင်က ဆိုသည်။

လက်ရှိတွင် မြို့တော်စည်ပင်မှ သင်္ဂဇာပတ်လမ်းကို အကောင်အထည် ဖော်လျက်ရှိပြီး သင်္ဂဇာချောင်းတွင်းသို့ အမှိုက်ပစ်ခြင်းအတွက် အရေးယူမှုများသည် အစီမံ သစ်တစ်ခုဖြစ်ကြောင်း၊ ယခုဘဏ္ဍာနှစ်မှစ၍ အဆိုပါချောင်းကို သန့်ရှင်းသာယာလှပရေး စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဖော့ဘူးအသုံးပြုမှုကို လတ်တလောတွင် အချို့ထမင်းဆိုင်များတွင် စတင်ရပ်နားမှုရှိနေပြီး ဖော့ဘူးအစား ဖက်၊ စက္ကူအစရှိသဖြင့် ပြောင်းလဲအသုံးပြု လာပြီဖြစ်ကြောင်း သိရသည်။ အဆိုပါအမှိုက်များသည် ချေဖျက်နိုင်သော အမှိုက်များ ဖြစ်ပြီး မြို့တော်စည်ပင် အနေဖြင့်လည်း ချေဖျက်နိုင်သည့် နည်းစနစ်များ လိုအပ်နေဆဲဖြစ်သည်ဟု သိရသည်။

ဖော့ဘူးများ အသုံးပြုခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် သုံးစွဲသူများ မှတ်ဥာဏ်ချို့ယွင်းခြင်း၊ သွေးကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ ဆီးကျိတ်ကင်ဆာများ ဖြစ်စေနိုင်သည်ဟု စည်ပင်၏ ထုတ်ပြန်ချက်များတွင် ပါရှိသည်။

အထက်ပါ စီမံချက်ကို မြို့တော်ဝန်၏ အစီအစဉ်ဖြင့် စတင်ဆောင်ရွက် နေခြင်းဖြစ်ပြီး မန္တလေးမြို့ အမှိုက်ကင်းစင်ရေးနှင့် အမှိုက်ခွဲခြား စွန့်ပစ်ရေးအတွက် ပိုင်းလော့ ပရောဂျက်များဖြင့် စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း သိရသည်။

ယနေ့တွင် သင်္ဂဇာချောင်း ပတ်ဝန်းကျင်ရှိ လူနေရပ်ကွက်များမှ ပြည်သူများကိုလည်း ချောင်းအတွင်း အမှိုက်စွန့်ပစ်မှု မရှိစေရေးအတွက် အသိပညာပေးမှုများ လုပ်ဆောင် လျက်ရှိသည်ဟု သိရသည်။ ချောင်းများ မြောင်းများ အတွင်း အမှိုက်စွန့်ပစ်ခြင်းအတွက် ပညာပေးကာလတစ်လ သတ်မှတ်ထားပြီး ပညာပေးကာလကျော်လွန် သည်နှင့်တစ်ပြိုင်နက် အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment