Pages

Tuesday, July 17, 2018

ငါးသယံဇာတများ လျော့နည်းလာသဖြင့် မွေးမြူရေးငါးများ ပိုမိုထုတ်လုပ်ရန်လို



သထုံ ၁၇-၇-၂ဝ၁၈

မြန်မာနိုင်ငံ သဘာဝရေပြင်များတွင် ငါးသယံဇာတများ လျော့နည်းလာသဖြင့် မွေးမြူရေးငါးများ ပိုမိုထုတ်လုပ်ရန် လိုလာကြောင်း မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက မွန်ပြည်နယ် သထုံမြို့ရှိ ငါးလုပ်ငန်း သင်တန်းကျောင်းတွင် ယနေ့ပြုလုပ်သော အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသား ပေါက်သင်တန်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အနေဖြင့် ရေချိုရေငန်နေ ငါးများမွေးမြူ လုပ်ကိုင်နိုင်သည့် ရေမြေအနေအထားရှိပြီး ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် အစိုးရတွင်တာဝန် ရှိသကဲ့သို့ ရေလုပ်သားအစုအဖွဲ့များ၊ ပညာရှင်များအနေဖြင့် ဝိုင်းဝန်းပံ့ပိုး ကူညီပေးရန် လိုအပ်ကြောင်း ဝန်ကြီး ဦးထွန်းဌေးက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် ငါးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်နေသော ဧရိယာဧက ၂ဝဝဝကျော်ရှိပြီး နှစ်စဉ် ငါးပိဿာချိန် ၁၅သိန်းကျော် ထုတ်လုပ်နိုင်ကြောင်း သိရသည်။

"စနစ်တကျနဲ့ ထိန်းသိမ်းနိုင်မှု မရှိရင် သဘာဝငါး သယံဇာတ တွေဆိုတာ လျော့နည်းကျဆင်း လာမှာပါ။ အခုဆိုရင်လဲ အရင်၁ဝနှစ်ကနဲ့ စာရင် ဒီနှစ်တွေမှာ ငါးဖမ်းဆီးရမိမှု တွေနည်းလာတာလဲ အားလုံးအသိပဲ။ ဒီအန္တရာယ်ဟာ လူသားတွေအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေတယ်။ ဒါကြောင့် ငါးမွေးမြူ ထုတ်လုပ်မှုတွေကို ဦးစားပေးလုပ်ကိုင် ကြဖို့လိုလာတယ်။ မွန်ပြည်နယ်ဟာ ဆိုရင်လဲ ရေချိုရေငန် စပ်တဲ့ဒေသ ဖြစ်တဲ့အတွက် ငါးမွေးမြူထုတ်လုပ်မယ်ဆိုရင် အင်မတန်အကျိုး ဖြစ်ထွန်း စေတဲ့နေရာပါ။ ပြည်ပဝင်ငွေကိုလဲ ပိုမိုရရှိစေမှာပါ။ ခုက မွန်ပြည်နယ်မှာ ငါးမွေးမြူရေး လုပ်ငန်းလုပ်သူတွေဟာ စီးပွားဖြစ်လုပ်ကိုင် သူတွေထက် တစ်နိုင်တစ်ပိုင် မွေးမြူလုပ်ကိုင်သူ တွေပဲများနေပါတယ်။ မြန်မာနိုင်ငံဟာဆိုရင် ရေလုပ်ငန်းကရတဲ့ ပြည်ပဝင်ငွေမှာ တိုးလာတယ်ဆိုပေမယ့် အိမ်နီးချင်း နိုင်ငံတွေနဲ့စာရင် အင်မတန်နည်း နေပါသေးတယ်"ဟု ဝန်ကြီး ဦးထွန်းဌေးက ပြောပြသည်။

အဆိုပါသင်တန်းတွင် ငါးဆေးထိုးသားဖောက်ခြင်း၊ ငါးကန်မြေ နေရာရွေးချယ်နည်း၊ ငါးကန်တူးဖော်ခြင်း နည်းစနစ်များ၊ မျိုးငါးရွေးချယ် နည်းအပါအဝင် ဘာသာရပ် ၁ဝ မျိုးခန့်ကို စာတွေ့၊လက်တွေ့သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment