Pages

Friday, July 20, 2018

ဝမ်းနည်းဂုဏ်ယူမှုများနှင့် မမေ့ပျောက်နိုင်သည့် ဇူလိုင် - ၁၉






၂ဝ၁၈ ခုနှစ် ဇူလိုင် ၁၉ ရက်သည် (၇၁) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် စနေနေ့ နံနက် ၁ဝ နာရီ ၃၇ မိနစ်တွင် အာဇာနည်အမျိုးသား ခေါင်းဆောင်ကြီး၊ တစ်နည်းဆိုသော်တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ နိုင်ငံ့အာဇာနည် များဖြစ်ကြသည့် ဦးဘဝင်း၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ သခင်မြ၊ ဦးရာဇတ်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့သည် မသမာသူ နယ်ချဲ့လက်ပါးစေ လူတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။ အာဇာနည်ကြီးများ ကျဆုံးခဲ့သည်မှာ (၇၁) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း မြန်မာပြည်သူ တစ်ရပ်လုံးအနေဖြင့် ယနေ့ထိတိုင် မမေ့နိုင်ဘဲ လွမ်းဆွတ်တသအောက်မေ့ သတိရနေကြဆဲပင် ဖြစ်သည်။

အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ရွှေတိဂုံဘုရား မြောက်ဘက်မုခ် အနီးရှိ အာဇာနည်ဗိမာန်၊ ဗဟန်းမြို့နယ် နတ်မောက်လမ်း ဗိုလ်ချိုရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်၊ သိမ်ဖြူလမ်းနှင့် ဗိုလ်အောင် ကျော်လမ်းကြားရှိ အတွင်းဝန်များရုံး (ယခုဝန်ကြီးများရုံးဟောင်း)၊ ကန်တော်ကြီးရှိ ဗိုလ်ချုပ်ကြေးရုပ်နှင့် အာဇာနည်ပန်းခြံ စသည့်အထိမ်းအမှတ် နေရာများကို အများပြည်သူ လာရောက်လေ့လာနိုင်ရန် ဖွင့်လှစ်ထားသည်။

ယခု (၇၁) နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်ရှိ ကျဆုံးလေပြီးဖြစ်သော အာဇာနည် ခေါင်းဆောင်ကြီးများကို ဂါရဝပြုသည့်ပွဲသို့ နိုင်ငံတော်အဆင့် အကြီးအကဲများ၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူပြည်သားများ၊ နိုင်ငံခြားသားများက လာရောက် အလေးပြုခြင်း၊ လွမ်းသူ့ပန်းခွေ ချဂါရဝပြုခြင်းနှင့် မေတ္တာပို့အမျှဝေကာ နှစ်မိနစ်ငြိမ်သက် အလေးပြုခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ထို့အတူ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်၌ အထူးပြပွဲကို ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း ပြသထားရာ အများပြည်သူတို့ အခမဲ့လေ့လာ ကြည့်ရှုနိုင်မည် ဖြစ်သည်။ ယခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သော နေအိမ်အဆောက်အအုံ၏ အပေါ်ထပ်သို့ တက်ရောက်ကြည့်ရှုခွင့် ရမည်မဟုတ်ဘဲ မြေညီထပ်မှ အပေါ်ထပ်သို့ အတက်လှေကား အနီးတွင် LED ဘုတ်ဖြင့် ပြသပေးမည် ဖြစ်သည်။ ထိုပြတိုက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆီလီကွန်ရုပ်တုကို ပြတိုက်၏ မြေညီထပ်၌ ပြသထားပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးဓာတ်ပုံများ၊ သက်ရှိထင်ရှား ရှိစဉ်က အသုံးပြုခဲ့သော အသုံးအဆောင်ပစ္စည်းများကို ပြသထားသည်။

ထို့ပြင် ရန်ကုန်မြို့ သိမ်ဖြူလမ်းနှင့် ဗိုလ်အောင်ကျော် လမ်းကြားရှိ အတွင်းဝန်များရုံး (ယခုဝန်ကြီးများရုံးဟောင်း) ၌ (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ကျင်းပသည်။ ယင်းအခမ်းအနားသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်နီးရပ်ဝေးမှ ပြည်သူများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားတွင် တက်ရောက်လာသူများအားလုံးက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများအား မေတ္တာပို့အမျှဝေခြင်း၊ နှစ်မိနစ်ငြိမ်သက်ခြင်းနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုကြသည်။

ဝန်ကြီးများရုံးဟောင်း၌ အာဇာနည်နေ့နှင့် ပတ်သက်၍ ပြသထားသော ပန်းချီကားများ၊ ပြခန်းများအဖြစ် ပြသထားသော အစည်းအဝေး အခန်းများ၊ ကြံ့ခိုင်မှုအရ တက်ရောက်လေ့လာ ခွင့်မပြုသည့်နေရာများကို LED ဘုတ်ဖြင့်ပြသထားသည်။ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဝန်ကြီးများ ရုံးဟောင်းကို ပြည်သူများ လေ့လာနိုင်ရန် ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ လာရောက်ကြည့်ရှု လေ့လာနိုင်သည်။ ထိုရုံးအတွင်း လာရောက်ကြည့်ရှု လေ့လာသူများအား ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင် ကြီးများ၏ အတ္ထုပ္ပတ္တိ အကျဉ်းများ ရေးသားဖော်ပြ ထားသောစာအုပ် ကိုလည်း အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment