Pages

Monday, June 11, 2018

မြို့နယ် ၁၂ မြို့နယ်ရှိ တောင်သူများအတွက် လယ်ယာသုံး ပစ္စည်းများ ဝယ်ရန်ငွေကျပ်သန်း ၂ဝဝဝကျော် အရစ်ကျစနစ်ဖြင့် ချေးမည်ဟုဆို



မန္တလေး ၁၁-၆-၂ဝ၁၈

JICA (Two Step Loan) ချေးငွေဖြင့် မန္တလေးတိုင်းဒေသကြီး အတွင်း မြို့နယ် ၁၂မြို့နယ်ရှိ တောင်သူများကို လယ်ယာသုံး စက်ကိရိယာပစ္စည်းများ ဝယ်ရန် အတွက် ငွေကျပ် ၂ဝ၇၈ ဒသမ ၃ သန်းကို အရစ်ကျစနစ်ဖြင့်ချေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီး မန်နေဂျာ ဦးဝင်းမြင့်က ပြောပြ၍ သိရသည်။

တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ တောင်သူများကို လက်မှု လယ်ယာစနစ်မှ စက်မှုလယ်ယာ စနစ်သို့ အသွင်ကူးပြောင်း လာနိုင်ရန်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် JICA တို့ ပူးပေါင်းပြီးတောင်သူများ၏ လုပ်ငန်းခွင်များတွင် လျင်မြန်ချောမွေ့ပြီး လုပ်ငန်းများ တွင်ကျယ်လာစေရန် အတွက် လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများဖြစ်သော ထွန်စက်ကြီး၊ ရိပ်သိမ်းခြွေလှေ့ စက်နှင့် အခြားလယ်ယာသုံး စက်ကိရိယာများကို တောင်သူ ဦးရေ ၆ဝ အား စက်အစီးရေ ၆ဝ အတွက် ငွေကျပ် ၂ဝ၇၈ ဒသမ ၃သန်းကို ငါးနှစ်ငါးရစ်ဆပ် အရစ်ကျစနစ်ဖြင့် ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

JICA (Two Step Loan) ချေးငွေနဲ့ ကျွန်တော်တို့ရဲ့ တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့တောင်သူတွေကို အရင် မိမိတို့ရဲ့မိရိုးဖလာ အစဉ်အဆက်က လုပ်ကိုင်လာကြတဲ့ လက်မှုလယ်ယာ စနစ်ကနေ စက်မှုလယ်ယာစနစ်ကို အသွင်ကူးပြောင်း လာနိုင်ရေးအတွက် တစ်ဖက်တစ်လမ်း ကနေကူညီပံ့ပိုး ပေးနေတာပါ။ ဒါကြောင့် ကျန်တဲ့ မြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေ ကိုလဲ ကွင်းဆင်းပြီး ချေးငွေတွေ တိုးပြီးထုတ်ချေးနိုင်အောင် ဆောင်ရွက်နေပါတယ်။ မြို့နယ်ဘဏ်ခွဲ တွေကိုလဲ လယ်ယာသုံး စက်ကိရိယာ အမှန်တကယ် လိုအပ်တဲ့တောင်သူတွေကို ထုတ်ချေးပေးနိုင်ဖို့ အတွက်ဆက်လက် ဆောင်ရွက်ပေးဖို့ မှာကြားထားပြီး ဖြစ်ပါတယ်" ဟု ၎င်းကဆက်လက် ပြောပြသည်။

အဆိုပါ လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများဝယ်ရန် တောင်သူများအတွက် အရစ်ကျစနစ်ဖြင့် ချေးမည့် မြို့နယ်များမှာ မတ္တရာ၊စဥ့်ကူး၊ သပိတ်ကျင်း၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊မြစ်သား၊ ညောင်ဦး၊ တောင်သာ၊ ပုသိမ်ကြီး၊ ကျောက်ပန်းတောင်း၊ တံတားဦးတို့ဖြစ်ပြီး အဆိုပါမြို့နယ်များရှိ ကျေးရွာ ၄၈ရွာမှ တောင်သူဦးရေ ၆ဝ ကို စက်အစီးရေ ၆ဝ အတွက် ငွေကျပ် ၂ဝ၇၈ ဒသမ ၃ သန်း ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment