Pages

Friday, June 22, 2018

စစ်ကိုင်းပြတ်ရွေ့ အပိုင်းများကို မြေပုံထုတ်ယူရန်အတွက် ဒရုန်းများအသုံးပြု၍ ဓာတ်ပုံရိုက်ကူးသွားမည်



မန္တလေး ၂၂-၆-၂ဝ၁၈

မြန်မာနိုင်ငံ မြောက်ဘက်စွန်းမှ တောင်ဘက်ထိ ဖြတ်သန်းထားသည့် စစ်ကိုင်းပြတ်ရွေ့ အပိုင်းများကို မြေပုံထုတ်ယူရန်အတွက် ဒရုန်းများအသုံးပြု၍ ဓာတ်ပုံရိုက်ကူး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီထံမှ သိရသည်။ 

စစ်ကိုင်း ပြတ်ရွေ့ပေါ်ရှိ နေပြည်တော်အပိုင်းနှင့် သပိတ်ကျင်း အပိုင်းတို့ကို ဒရုန်းဖြင့် ဓာတ်ပုံရိုက်ကူး၍ မြေပုံထုတ်မည့် အပြင်အဆိုပါ အပိုင်းနှစ်ပိုင်းကို စစ်ကိုင်းပြတ်ရွေ့၏ရွေ့လျားမှုနှုန်း အသေးစိတ်တိုင်းတာမှုများပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါကော် မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့် (မန္တလေး)က ပြောပြသည်။

"စစ်ကိုင်းပြတ်ရွေ့က အဲဒီအပိုင်းတွေမှာ ပိုပြီးတော့ကောင်းမွန်တဲ့ မြေပုံတွေရဖို့ ဒရုန်းတွေနဲ့ ဓာတ်ပုံရိုက်မှာပါ။ ရွေ့လျားနှုန်းတွေ အသေးစိတ်သိဖို့ GPS Servey ကိုရော လာမယ့် အောက်တိုဘာလမှာ စပြီးတော့ လုပ်ဖို့ရှိပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ နေပြည်တော်အပိုင်းတွင် နေပြည်တော် အနီးပတ်ဝန်းကျင်တွင် အတိတ်က လှုပ်ခတ်ခဲ့သည့် မြေငလျင်သုတေသန လုပ်ငန်းများကို ဟင်္သာတတက္ကသိုလ် ဘူမိဗေဒဌာန ပါမောက္ခဒေါက်တာ စောငွေခိုင် ဦးဆောင်သည့်အဖွဲ့က လာမည့် ၂ဝ၁၉ ခုနှစ်ထိပြုလုပ်မည်ဖြစ်ပြီး လက်ရှိတွင် သုတေသန ပထမပိုင်းဖြစ်သည့် လက်တွေ့ကွင်းဆင်းခြင်း လုပ်ငန်းများ ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် သပိတ်ကျင်းမြို့ အနီးလှုပ်ခတ်ခဲ့သည့် မြေငလျင်များကို ယခုနှစ် အောက်တိုဘာလမှ စတင်၍ နှစ်နှစ်ကြာ သုတေသန ပြုလုပ်သွားမည်ဖြစ်ပြီး သုတေသန ပြုလုပ်ရန် နေရာရွေးချယ်ခြင်း၊ ငလျင်လှုပ်ခဲ့သည့် အထောက် အထားများ ရှာဖွေခြင်း၊ ငလျင်ကြောင့် ရွေ့သွားခဲ့သည့်အရွေ့များကို တိုင်းတာခြင်း၊ လှုပ်ခဲ့သည့် ငလျင်များ၏ သက်ရောက်မှုနှင့် မြေငလျင်အန္တရာယ် ပြမြေပုံရှိ ဖြစ်နိုင်သည့် Effect နှင့် လက်တွေ့သက်ရောက်မှု ကိုက်ညီမှုရှိ၊မရှိတို့ကို လေ့လာသွားမည် ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

မြန်မာနိုင်ငံအတွင်း ငလျင်များနှင့် ပတ်သက်၍ စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့် နေမည့်ငလျင် သုတေသနစင်တာကို ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် မြန်မာနိုင်ငံ မြေငလျင်ကော်မတီက စီစဉ်ဆောင်ရွက် နေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment