Pages

Tuesday, June 5, 2018

မန္တလေးမြို့အတွင်း ချည်ဆိုးဆေး လုပ်ငန်းများနှင့် ဘွိုင်လာသုံး စက်ရုံများကို ပတ်ဝန်းကျင် ထိခိုက်မှုရှိ၊ မရှိ လိုက်လံ စစ်ဆေးမည်



မန္တလေး ၅-၆-၂ဝ၁၈

မန္တလေးမြို့အတွင်းရှိ ချည်ဆိုး ဆေးလုပ်ငန်းများနှင့် ဘွိုင်လာသုံး စက်ရုံများကို ပတ်ဝန်းကျင် ထိခိုက်မှုရှိ၊ မရှိ ယခုလအတွင်း လိုက်လံစစ်ဆေး သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။

ယခုလအတွင်း မန္တလေး ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ ဘွိုင်လာသုံးစက်ရုံများ၊ အမရပူရမြို့နယ် အတွင်းရှိ ချည်ဆိုးဆေးနှင့် ရက်ကန်းလုပ်ငန်းများ၊ အောင်မြေသာစံ မြို့နယ်အတွင်းရှိ ရေခဲစက်များကို ပတ်ဝန်းကျင် ထိခိုက်မှုရှိ၊ မရှိလိုက်လံ စစ်ဆေးသွားမည် ဖြစ်ပြီး စုစုပေါင်းစက်ရုံ ၂ဝ ကျော်ထိ စစ်ဆေးရန် လျာထားကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးမျိုးထွဋ်ဆွေက ပြောပြသည်။

"စွန့်ပစ်အရည်၊ အခိုးအငွေ့ထွက်တဲ့ စက်ရုံလုပ်ငန်းတွေကို ပတ်ဝန်းကျင် ထိခိုက်မှု ရှိ၊မရှိစစ်ဆေးမှာပါ။ ဘွိုင်လာသုံးစွဲတဲ့ စက်ရုံတွေဆိုရင် မီးခိုးခေါင်းတိုင်က တစ်ဆင့် ပြာမှုန်လွင့်တာတွေ၊ ရေနဲ့ပတ်သက်တာဆိုရင် စွန့်ပစ်အရည် ထုတ်တာတွေ၊ ရေခဲစက်တွေဆိုရင် အမိုးနီးယား ယိုစိမ့်တာတွေ ရှိ၊မရှိစစ်ဆေးပါမယ်။ ဒီလအတွင်း စက်ရုံ ၂၅ ရုံလောက်ထိ လိုက်ပြီး စစ်ဆေးသွားပါမယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ယခုနှစ်အတွင်း မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ရေဆိုးစွန့်ထုတ် စက်ရုံများ၊ မီးခိုးပြာ ထွက်စက်ရုံများ၊ ဘွိုင်လာအသုံးပြုသည့် စက်ရုံများ၊ လူသုံးကုန်နှင့် စားသောက်ကုန် ထုတ်လုပ်သည့် စက်ရုံများကို ပတ်ဝန်းကျင်တွင် Water Pollution နှင့် Air Pollution ဖြစ်ပွားမှုရှိ၊မရှိ၊ လိုအပ်သည့် စွန့်ပစ်စနစ်များ အရည်အသွေးပြည့်မီ မှန်ကန်မှုရှိ၊မရှိ၊ စက်ရုံများ၏ လည်ပတ်မှု၊ ကောင်းမွန်သည့် ထုတ်လုပ်မှုဖြစ်စဉ်၊ ထုတ်ကုန်များ၏ ဘေးကင်းမှုနှင့် လျှပ်စစ်ပိုင်း၊ ဘွိုင်လာ ပိုင်းစသည်တို့ကို လိုက်လံကြပ်မတ် စစ်ဆေးသွားမည်ဖြစ်ပြီး တစ်နှစ်တာ ကာလအတွင်း စက်ရုံလုပ်ငန်းပေါင်း ၄ဝဝ ကျော်ထိ စစ်ဆေးသွားရန် လျာထားကြောင်း သိရသည်။

မန္တလေးမြို့တွင် အခိုး၊ အငွေ့၊ အရည်စွန့်ပစ် ထုတ်လုပ်သည့် စက်ရုံများမှာ ပြည်ကြီးတံခွန် မြို့နယ်တွင် အများဆုံးရှိပြီး အဆိုပါ မြို့နယ်အတွင်း ဘွိုင်လာသုံးစွဲသည့် စက်ရုံပေါင်း ၈၉ ရုံရှိကြောင်း အဆိုပါဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment