Pages

Thursday, June 21, 2018

မြန်မာ-အိန္ဒိယနယ်စပ် တံတား၌ ယာဉ်များဖြတ်သန်း သွားလာမှု ပိတ်ထားခြင်းကြောင့် ကုန်စည်တင်ပို့၊ တင်သွင်းမှု အခက်အခဲ ကြုံတွေ့နေရ




ရိခေါဒါရ် ၂၁-၆-၂ဝ၁၈

ချင်းပြည်နယ် ရိခေါဒါရ်မြို့ရှိ မြန်မာအိန္ဒိယ နှစ်နိုင်ငံနယ်စပ် တံတား၌ မော်တော်ယာဉ်များ ဖြတ်သန်း သွားလာမှုကို ပြီးခဲ့သည့် မေ ၂၁ ရက်မှစ၍ အိန္ဒိယနိုင်ငံ အာသံရိုင်ဖယ် စစ်တပ်ကယနေ့ထိ ပိတ်ပင်ထားကြောင်း သိရသည်။

"နယ်စပ်တံတားကနေ မော်တော်ယာဉ်တွေ ဖြတ်သန်းဝင်ထွက် သွားလာမှု ပိတ်ပင်ထားတာက တစ်လတိတိရှိပါပြီ။ ဘာမှထူးခြားမှု မရှိသေးပါဘူး။ ကျွန်တော်တို့ ကုန်သည်လုပ်ငန်း တွေအနေနဲ့ အခက်အခဲများစွာ ကြုံတွေ့ နေရပါတယ်။ အရင်ကဆိုရင် သူတို့နိုင်ငံက ကုန်ကားကြီးတွေနဲ့ နယ်စပ်တံတား ဖြတ်ကျော်ပြီး ကျွန်တော်တို့ ဂိုဒေါင်အရောက်ပို့ ပေးတာဓာတ်မြေ သြဇာတစ်အိတ်ကို ခုနစ်ရူပီးလောက်ပေးရပါတယ်။ အခုနယ်စပ်တံတားပိတ်နေတော့ အလုပ်သမားလုပ်အားနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဘက် နယ်စပ်တံတားနားထိ ပို့ပေးတာတောင် ၁ဝ ရူပီးပေးရပါတယ်။ ဒါတောင် ကျွန်တော်တို့ ဂိုဒေါင်ထိ ပို့ပေးတာမဟုတ်ပါဘူး။ အဓိကပြဿနာ ကြုံတွေ့နေတာ ကတော့ အရင်ကဆိုရင် တစ်နေ့မှာ ဓာတ်မြေသြဇာ တင်ဆောင်တဲ့ ကုန်ကားကြီးအစီးရေ ၂ဝ လောက် အိတ်ရေ သောင်းဂဏန်းချီပြီး တင်သွင်းနိုင်ပါတယ်။ အခုကျတော့ အလုပ်သမားလုပ်အားနဲ့ ထမ်းပို့ရတာဆိုတော့ တစ်နေ့ကို အိတ်ရေ ၅ဝဝဝ လောက်ပဲ တင်သွင်းနိုင်တော့ လိုသလောက်ပစ္စည်း မရနိုင်ပါဘူး။ ရိခေါဒါရ်မြို့မှာ ဓာတ်မြေသြဇာ လုပ်ငန်းဆောင်ရွက်တဲ့ ကုမ္ပဏီ ၁၂ခု ရှိပါတယ်။ အလုပ်သမား မလုံလောက်မှု၊ လုပ်အားနဲ့ထမ်းပို့ရတဲ့အခြေအနေ တွေကြောင့် ဓာတ်မြေသြဇာကလဲ တစ်နေ့အိတ် ၅ဝဝဝလောက်ပဲ တင်သွင်းနိုင်တာဆိုတော့ ကုမ္ပဏီသုံးခုစီတွဲပြီး အလှည့်ကျတင်သွင်း ရပါတယ်။ ဒါကြောင့် အချိန်ကြန့်ကြာတာနဲ့ ကုန်စည်စီးဆင်းမှု နှေးကွေးတဲ့ ပြဿနာကြုံတွေ့ နေရတာပါ"ဟု UKP ကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦးက ပြောပြသည်။

အဆိုပါနယ်စပ် တံတား အပေါ်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု ပိတ်ပင် ထားခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အဓိက ပို့ကုန်တစ်ခုဖြစ်သည့် ကွမ်းသီးတင်ပို့မှုကို ခေတ္တရပ်နားထားကြောင်း၊ ကွမ်းသီးတင်ပို့မှု ခေတ္တရပ်နား ခြင်းမှာ နယ်စပ်တံတားပေါ်သို့ အဆိုပါ ကွမ်းသီးများကို အလုပ်သမားလုပ်အားဖြင့် ထမ်းပို့မည်ဆိုပါက အလုပ်သမားငှားရမ်းခ အဆမတန်ကုန်ကျမည် ဖြစ်သဖြင့် တွက်ခြေမကိုက် ဖြစ်နေခြင်းကြောင့် ရပ်နားထားခြင်း ဖြစ်ကြောင်း၊နယ်စပ် ရောက်ရှိနေသည့် ကွမ်းသီးများကိုလည်း ဂိုဒေါင်များ၌သာ သိုလှောင်ထားရှိကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် အိန္ဒိယနိုင်ငံ ဘက်မှသွင်းကုန်မှာ ဓာတ်မြေသြဇာဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ပို့ကုန်မှာ လူသုံးကုန် ပစ္စည်းများ၊ စားသုံးကုန်ပစ္စည်းများ၊ သစ်သီးဝလံများဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment