Pages

Friday, June 8, 2018

ပြင်ဦးလွင် မြို့နယ်ရှိ နဂါးမောက်စိုက်ခင်းများတွင် ပျားအုံဝန်ဆောင်မှု ဆောင်ရွက် နိုင်ခဲ့သဖြင့် ငွေကျပ် သိန်း ၇ဝဝကျော် အမြတ်ရရှိ



ပြင်ဦးလွင် ၈-၆-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ် အနီးစခန်း ပြင်စာကျေးရွာအနီးရှိ ဟန်ဦးမောင် နဂါးမောက်စိုက်ခင်း ၁၂ ဧကကို ၂ဝ၁၇ ခုနှစ် သြဂုတ်လမှစ၍ ပျားအုံ ၅ဝ ဖြင့် နဂါးမောက်ပင်များ ဝတ်မှုန်ကူး ဝန်ဆောင်မှုကို မန္တလေးတိုင်း ဒေသကြီး ပျားလုပ်ငန်းဌာနနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ယခင်နှစ်များကထက် အရသာပိုမိုကောင်းမွန်ပြီး အလုံးကြီးများ ထွက်ရှိခဲ့သဖြင့် ငွေကျပ် သိန်း ၇ဝဝ ကျော် ပိုမိုအမြတ်ရရှိခဲ့ကြောင်း ပျားလုပ်ငန်းဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောပြ၍ သိရသည်။

ပျားအုံဝန်ဆောင်မှု ဝတ်မှုန်ကူး မဆောင်ရွက်မီ နှစ်များက နဂါးမောက်သီးအလတ်၊ အသေးနှင့် ပယ်သီးများ ထွက်ရှိသဖြင့် ရောင်းတမ်းမဝင်ခဲ့ဘဲ ဆုံးရှုံးမှုများရှိခဲ့ရာ ပျားအုံချ၍ ဝန်ဆောင်မှု ဝတ်မှုန်ကူး ဆောင်ရွက်ခြင်း အားဖြင့် နဂါးမောက်သီးများ ရောဂါကင်းရှင်းခြင်း၊ အရွယ်အစားပိုမို ကြီးမားလာခြင်း၊ ပယ်သီးများ မထွက်ရှိခြင်း၊ ယခင်ပျားအုံများမချမီ တစ်ကီလိုလျှင် သုံးလုံး၊လေးလုံးရှိနေရာ ပျားအုံချပြီးနောက် တစ်ကီလိုလျှင် တစ်လုံး၊နှစ်လုံးထိ အလေးချိန် စီးလာကြောင်း၊ ယခင်နဂါးမောက် သီးတစ်ဖာလျှင်အလုံး ၃ဝခန့် ထည့်နေရာမှ ယခုတစ်ဖာလျှင် ၁၈ လုံးခန့်မှ ၂၄ လုံးခန့်ထိသာ ထည့်၍ ရသောကြောင့် နဂါးမောက်သီးဖာ ၁ဝဝဝဝ ပိုမိုထွက်ရှိခဲ့ကြောင်း၊ တစ်ဖာလျှင်အနိမ့်ဆုံး ငွေကျပ် ၇ဝဝဝဖြင့်တွက်လျှင်ပင် ပျားအုံချထားခဲ့သည့် အတွက် ငွေကျပ် သိန်း ၇ဝဝခန့် ဝင်ငွေပိုမိုရရှိခဲ့ကြောင်း ဟန်ဦးမောင် နဂါးမောက် စိုက်ခင်းပိုင်ရှင် ဦးအောင်မျိုးထွေးထံမှ သိရသည်။

ယခုနှစ်တွင် ပြင်ဦးလွင် အနီးစခန်းနှင့် ပြင်စာကျေးရွာတို့တွင် ပျားအုံ ၁ဝဝကျော်ဖြင့် ဝတ်မှုန်ကူးဝန်ဆောင်မှု ပြုလုပ်လျက် ရှိကြောင်း၊ ပျားအုံချ၍ ဝတ်မှုန် ကူးဝန်ဆောင်မှု ပြုလုပ်လိုသည့် နဂါးမောက်ခြံ ပိုင်ရှင်များအနေဖြင့် မန္တလေးတိုင်း ဒေသကြီး ပျားလုပ်ငန်းဌာန ဖုန်း ဝ၉-၂ဝဝဝ၈ဝ၅သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment