Pages

Thursday, June 7, 2018

ဒုဋ္ဌဝတီ မြစ်ဝှမ်းတစ်လျှောက် အန္တရာယ်ဖြစ်နိုင်ဖွယ် မြစ်ရေမြင့် တက်နိုင်ခြင်းကြောင့် အထူးသတိပြုနိုင်ရန် သတိပေးချက်ထုတ်ပြန်၊ မီးသတ်တပ်ဖွဲ့ဝင်များ အသင့်ပြင်ဆင်ထား



မန္တလေး ၇-၆-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိရာ အဆိုပါရေကြီးမှုကြောင့် ဒုဋ္ဌဝတီမြစ်ဝှမ်း တစ်လျှောက် အန္တရာယ်ဖြစ်နိုင်ဖွယ် မြစ်ရေမြင့်တက် နိုင်ခြင်းကြောင့် အထူးသတိပြုနိုင်ရန် ယနေ့ည ၈နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပြီး မီးသတ်တပ်ဖွဲ့ဝင်များ အသင့်ပြင်ဆင်ထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသည် ယနေ့ည ၁ဝ နာရီဝန်းကျင်ခန့်တွင် ဒုဋ္ဌဝတီမြစ်ရေ အခြေအနေကို လေ့လာစောင့်ကြည့် ချက်အရ မြစ်ရေသည် ဒုဋ္ဌဝတီတံတား၏ စိုးရိမ်ရေမှတ်အောက် ခုနစ်ပေခန့်တွင် ရှိနေကြောင်း သိရသည်။

"ရှာဖွေရေးတပ်ဖွဲ့ဝင်တွေကို ကယ်ဆယ်ရေး ပစ္စည်းတွေပါတဲ့ တစ်ကိုယ်ရေ ကျောပိုးအိတ်တွေနဲ့ အသင့်အနေအထား ပြင်ဆင်ထားပါတယ်။ မြို့နယ်၊ရပ်ကွက် စခန်းတိုင်းကို အင်တာနက်တွေ၊ တယ်လီဖုန်းတွေ စက်တွေနဲ့ ချိတ်ဆက် ထားပါတယ်။ အချိန်မရွေး အချိန်နဲ့တစ်ပြေးညီ ထွက်နိုင်အောင် စခန်းတိုင်း အသင့်အနေအထား ရှိပါတယ်၊။ မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ရေးလှေတွေ၊ ရှာဖွေကယ်ဆယ်ရေး ကားတွေလဲ အသင့်
ပြင်ဆင်ထားပါတယ်"ဟု မန္တလေးခရိုင် မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးထက်အောင်က ပြောပြသည်။

မြစ်ချောင်း ဘေးဒေသများနှင့် မြေနိမ့်နေသည့် နမ့်လန်မြို့မှာ အထူးစိုးရိမ်ဖွယ် အခြေအနေရှိသဖြင့် အထူးသတိထားရန် လိုအပ်ကြောင်း၊ ကြိုတင်စီမံဆောင်ရွက် နိုင်ရန်အတွက် မိုးရွာဒေသ မိုင် ၃ဝ ဝန်းကျင် သီပေါမြို့ တောင်ဘက် တောင်တန်းဒေသ၊ မဲပုတ်၊ ချောင်လင်၊ ရဲရွာဆည်အရှေ့ မြောက်ဖျားဒေသ၊ ရဲရွာဆည်သမာန်သာ အပန်းဖြေ (၇)မိုင်၊ ရွှေစာရံ၊ မြစ်ငယ်၊ အင်းဝ(ရလွန်းကျော်)ဒေသ နေထိုင်သူများ၊ ခရီးသွားနေသူများ အထူးသတိပြုနိုင်ရန် ယနေ့ ည ၈နာရီက သတင်းထုတ်ပြန် ထားသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ရေကြီးခဲ့ပါက အဆိုပါရေများသည် တောင်ကျရေအဖြစ် ဒုဋ္ဌဝတီမြစ်အတွင်းသို့ စီးဝင်လာမည် ဖြစ်ကြောင်း၊ ဒုဋ္ဌဝတီမြစ်တွင် ဆည်နှစ်ခု ခံထားသော်လည်း မထိန်းနိုင်ပါက ရေများကို လွှတ်ထုတ်လိုက်လျှင် ချက်ချင်းစိုးရိမ်နိုင်ဖွယ် ရေကြီးခြင်းဖြစ်ပေါ်လာနိုင် သောကြောင့် ယခုကဲ့သို့ အထူးသတိပေးချက် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

"ဒုဋ္ဌဝတီမြစ်ဝှမ်း တစ်လျှောက်မှာရှိတဲ့ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင် စတဲ့ခရိုင်အလိုက် ခရိုင်မီးသတ်ဦးစီး မှူးတွေကလဲ အချင်းချင်း ချိတ်ဆက်လုပ်ဆောင် နေပါတယ်။ မြစ်ချောင်းဘေးက ရွာတွေကို အထူးသတိပေးချက် လိုက်လံနှိုးဆော် ပေးနေပါတယ်။ ပြည်သူတွေအနေနဲ့ သတင်းစာ၊ တီဗွီ၊ ရေဒီယိုတွေက သတင်းထုတ်ပြန် ချက်တွေကို နားစွင့်ပြီး သတိပြုနေထိုင် စေချင်ပါတယ်"ဟု မန္တလေးခရိုင် မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးထက်အောင်က ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း သဘာဝဘေး အန္တရာယ်များဖြစ်ပေါ်ပြီး ထူးခြားမှုရှိပါက ဗဟိုမီးသတ်စခန်း ဖုန်း ၁၉၁၊ ဝ၂-၄ဝ၆ဝ၇၃၉၊ဝ၂-၄ဝ၆ဝ၇၃၈၊ဝ၂-၄ဝ၆ဝ၇၄ဝ ဗဟိုအော်ပရေတာ ဖုန်း ဝ၉၃၃၃၆၆၇ဝ၁ သို့ ၂၄နာရီ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment