Pages

Wednesday, May 9, 2018

မြန်မာနိုင်ငံ၌ ပထမဆုံးနှင့် အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်လာမည့် ရေအောက်ကမ္ဘာငါးပြတိုက် မေလအတွင်း အကြိုဖွင့်လှစ် ပြသနိုင်ရေးဆောင်ရွက်



ရန်ကုန် ၉-၅-၂ဝ၁၈

မြန်မာနိုင်ငံ၌ ပထမဆုံးနှင့် အရှေ့တောင်အာရှတွင် အကြီးဆုံး ဖြစ်လာမည့် ရေအောက်ကမ္ဘာ ငါးပြတိုက်ကို မေလအတွင်းအကြို ဖွင့်လှစ်ပြသနိုင်ရေး စီမံဆောင်ရွက်နေကြောင်း ငါးလုပ်ငန်း ဦးစီးဌာန၏ သတင်းများအရသိရသည်။

အဆိုပါ ရေအောက်ကမ္ဘာ ငါးပြတိုက်ကို အမေရိကန်ဒေါ်လာ သိန်းသုံးဆယ် ကျော်အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ငါးလုပ်ငန်းဦးစီးဌာနက ၂ဝ၁၆ခုနှစ်ကစတင် အကောင်အထည် ဖော်ဆောင်ရွက် နေခြင်းဖြစ်သည်။

ငါးပြတိုက်ကို နိုင်ငံတကာ အဆင့်မီ တည်ဆောက်ထားခြင်းဖြစ်ပြီး ငါးပြတိုက်သို့ လာရောက်လေ့လာသူများ အနေဖြင့် ရေအောက်ကမ္ဘာသို့ သွားရောက် လေ့လာနေရသကဲ့သို့ ခံစားလေ့လာခွင့်ရရှိစေရန် ငါးကန်အောက်တွင် လာရောက်လေ့လာ ကြည့်ရှုသူများ သွားလာနိုင်သည့် ပြွန်တစ်ခု တည်ဆောက်ထားရှိကာ လာရောက်ကြည့်ရှု လေ့လာသူများက အဆိုပါ ပြွန်မှလေ့လာ ကြည့်ရှုနိုင်မည် ဖြစ်သည်။

ရေအောက်ကမ္ဘာ ငါးပြတိုက်တွင် ငါးမန်းအပါအဝင် ရေချို၊ ရေငန်ငါးမျိုးစိတ် ၅ဝဝ ပြသထားရှိသွားမည် ဖြစ်သည်။ အဆိုပါ ငါးပြတိုက်တွင် လာရောက်လေ့လာ ကြည့်ရှုအပန်းဖြေ သူများအတွက် အပန်းဖြေရန်နေရာများနှင့် စားသောက်ဆိုင်များကို ထည့်သွင်းတည်ဆောက် ထားသည့်အပြင် သတ္တဗေဒဆိုင်ရာ ပညာရပ်များကို လေ့လာလိုသူများ၊ စာတမ်းပြုစုလိုသူများ အတွက်လေ့လာသင်ကြား နိုင်မည့်နေရာများ၊ ရေသတ္တဝါမွေးမြူရေး ပညာရပ်များ နှင့်ပတ်သက်သည့် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပို့ချ ပေးမည့်နေရာများ၊ အလှမွေးငါး အရောင်းဆိုင်နှင့်ပြခန်းများ၊ အလှမွေးငါးလုပ်ငန်းရှင်များ အသင်းရုံးခန်း၊ ငါးလုပ်ငန်းနှင့် ပတ်သက်သည့် သင်တန်းများ၊ ပညာပေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်မည့် ခန်းမများ၊ မြန်မာနိုင်ငံရှိ ရေချို၊ရေငန် ငါးမျိုးစိတ်ပြခန်း များကိုလည်း ထည့်သွင်း တည်ဆောက်ထားသဖြင့် အရှေ့တောင်အာရှ ဒေသတွင် အကြီးဆုံးနိုင်ငံ တကာအဆင့်မီ ငါးပြတိုက်တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment