Pages

Wednesday, May 30, 2018

ရခိုင်ကမ်းရိုးတန်း တစ်လျှောက် မိုးသည်းထန်ပြီး လှိုင်းကြီးနေ၍ ကမ်းရိုးတန်းသွား ရှပ်ပြေးအမြန်ရေယာဉ်များ ခရီးစဉ်ရပ်နားထားရ



စစ်တွေ ၃ဝ-၅-၂ဝ၁၈

ရခိုင်ကမ်းရိုးတန်း တစ်လျှောက် မိုးသည်းထန်ပြီး လှိုင်းကြီးနေ၍ ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် နေ့စဉ် ပြေးဆွဲနေသည့် ကမ်းရိုးတန်း သွားရှပ်ပြေး အမြန်ရေယာဉ်များ၏ ခရီးစဉ်များကို ယနေ့မှစ၍ ရပ်နားထားရကြောင်း အမြန်ရေယာဉ် လိုင်းများမှ သိရသည်။

"ခရီးသည် လုံခြုံရေး၊ ရေယာဉ် လုံခြုံရေးအတွက် ခရီးစဉ်တွေကို ရပ်ထားပါတယ်။ ဒီနေ့ရွှေပြည်တန် မထွက်ပါဘူး။ မနက်ဖြန်လဲ မထွက်ဖြစ်သေးဘူး။ နောက်တစ်ရက်မှ အနီးအနားကနေ စထွက်ပါမယ်"ဟု ရခိုင်ပြည်နယ် အနှံ့ခရီးစဉ်များ ပြေးဆွဲနေသည့် ရွှေပြည်တန် ရှပ်ပြေးအမြန်ရေ ယာဉ်လိုင်းမှ မန်နေဂျာ ဦးစံမော်သိန်းက ပြောပြသည်။

ရခိုင်ပြည်နယ်တွင် စစ်တွေမြို့ကို ဗဟိုပြု၍ ကျောက်ဖြူ၊ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ကျောက်တော်၊ မြေပုံမြို့တို့ကို ရွှေပြည်တန်၊ မေခ၊ မလိခ၊ ရွှေနဒီရှပ်ပြေး အမြန်ရေယာဉ်တို့ဖြင့် ဘင်္ဂလား ပင်လယ်ကိုဖြတ်ကာ နေ့စဉ်ခရီးသည် ဦးရေ ၃ဝဝဝ ကျော်ထိ သွားလာနေကြရာ လက်ရှိ မုန်တိုင်းကြောင့် ရှပ်ပြေးအမြန် ရေယာဉ်များ ရပ်နားထားရသဖြင့် ခရီးသည်များ အခက်တွေ့နေ ကြကြောင်း သိရသည်။

"မြစ်ချောင်းတွေမှာလဲ လှိုင်းကြီးနေတယ်။ ပင်လယ်မှာဆိုရင် ပိုလှိုင်းကြီးနိုင်တယ်။ အခုစက်လှေတွေ၊ ငါးဖမ်းဘုတ်တွေ အားလုံးကို ကမ်းမှာ ရပ်ထားပါတယ်။ သောက်သုံးရေရှားတဲ့ အခက်အခဲတော့ ဒီမုန်တိုင်းကြောင့် ပြေလည် သွားနိုင်တယ်။ အခုတော့ ပင်လယ်ပြင်တွေမှာ စက်လှေတွေ မရှိတော့ပါဘူး"ဟု ပေါက်တောမြို့နယ်မှ ငါးဖမ်းစက်လှေပိုင်ရှင် ဦးကျော်မောင်က ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment