Pages

Thursday, May 24, 2018

ပုဂံဒေသရှိဘုရားများ၏ ငလျင်ဒဏ်ခံနိုင်မှုနှင့် ပျက်စီနိုင်မှုသိနိုင်ရန် မြေလွှာများနှင့် အဆောက်အအုံများကို လေ့လာတိုင်းတာမည်



မန္တလေး ၂၄-၅-၂ဝ၁၈

ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသအတွင်းရှိ ဘုရားစေတီပုထိုးများ၏ ငလျင်ဒဏ်ခံနိုင်မှုနှင့် ပျက်စီးနိုင်မှုတို့ကို သိရှိနိုင်ရန်အတွက် အောက်ခံမြေလွှာနှင့် မြေပြင်ရှိ အဆောက်အအုံများကို လေ့လာတိုင်းတာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သိရသည်။

ပုဂံဒေသရှိ အောက်ခံမြေလွှာများ၏ အထူအပါး၊ လှုပ်ရှားမှုနှင့် မြေပြင်ရှိ အဆောက်အအုံများ၏ ခံနိုင်ရည်ရှိမှု၊ ပျက်စီးနိုင်မှုတို့ကို လာမည့်ဇွန်လ ဆန်းပိုင်းမှ စတင်၍နှစ် နှစ်စီမံကိန်းရေးဆွဲကာ လေ့လာတိုင်းတာ သွားမည် ဖြစ်ကြောင်း အဆိုပါကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောဇော်ထွေးက ပြောပြသည်။

"မြေငလျင်လှုပ်ရှား တဲ့အခါ မြေအောက်မှာရှိတဲ့ ကျောက်လွှာ လှုပ်ရှားမှုက မြေလွှာကိုဖြတ်ပြီး မြေပြင်ကို သက်ရောက်တာ ဆိုတော့ မြေလွှာအထူအပါး ပေါ်မူတည်ပြီးလှုပ်တဲ့ လှိုင်းအားကွာသွားတာပါ။ အခုမြေလွှာ အထူအပါး၊အမာအပျော့ကို လေ့လာတိုင်းတာလို့ သိရင်မြေလွှာ လှုပ်ရှားသက်ရောက်မှုကို သိနိုင်ပါတယ်။ အခုပထမအပိုင်း အနေနဲ့ မြေလွှာလှုပ်ရှားမှု တွေစပြီး တိုင်းတာမယ်။ နောက်အဆောက်အအုံပိုင်း တွေကိုတိုင်းတာမယ်။ ပုဂံဒေသနယ်မြေကို အဓိကထားပြီးတော့ မြေငလျင်အန္တရာယ်ပြ မြေပုံရရှိနိုင်အောင် လေ့လာတိုင်းတာ ပြီးသွားရင် ပုဂံဒေသက အဆောက်အအုံတွေရဲ့ ခံနိုင်ရည်နဲ့ ပျက်စီးနိုင်မှုကို သိရှိနိုင်မယ်"ဟု ၎င်းက ပြောပြသည်။

ပုဂံဒေသရှိ အောက်ခံမြေလွှာနှင့် မြေပြင်ရှိ အဆောက်အအုံ တိုင်းတာမှုများကို မြန်မာနိုင်ငံငလျင် ကော်မတီ၊ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ စင်္ကာပူနိုင်ငံ နန့်ယန်းတက္ကသိုလ်မှ EOS မြေကမ္ဘာလေ့လာ စောင့်ကြည့်ရေးအဖွဲ့နှင့် ရှေးဟောင်းသုတေသန ဦးစီးဌာနတို့မှ ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ပြီး ယခုနှစ်တွင် ပုဂံဒေသမြေလွှာ တိုင်းတာမှုများ ဆောင်ရွက်၍၂ဝ၁၉ ခုနှစ်တွင် မြေပြင်ရှိ အဆောက်အအုံများကို လေ့လာတိုင်းတာမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၆ခုနှစ်သြဂုတ်လ ၂၄ရက်က ချောက်မြို့အနီး ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် အင်အားရစ် (ခ်ျ) တာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားစေတီ ၄ဝဝ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment