Pages

Thursday, May 31, 2018

မုန်တိုင်းငယ် ဝင်ရောက်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ပြည်မြို့တွင် သစ်ပင်များပြိုလဲမှုနှင့် မြို့တွင်းပိုင်း ရေကြီး၊ ရေလျှံမှုဖြစ်ပွား



ပြည် ၃၁-၅-၂ဝ၁၈

ရခိုင်ပြည်နယ်မှ တစ်ဆင့် မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းသို့ မုန်တိုင်းငယ် ဝင်ရောက်လာခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သစ်ပင်များ ပြိုလဲမှုနှင့် မြို့တွင်းပိုင်း ရေကြီး၊ရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်မြို့၌ မေ ၂၉ရက် ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး ကားလမ်းမများပေါ် ရေလျှံခြင်း၊ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခြင်း၊ ညအချိန် လေပြင်းတိုက်ခတ်ခြင်း တို့ကြောင့် သစ်ပင်များပြိုလဲကာ လမ်းပိတ်ခြင်း၊ အိမ်အမိုးပေါ်သို့ သစ်ပင်လဲကျ ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"အခုမုန်တိုင်းက ရခိုင်ကမ်းရိုး တန်းကနေ ကုန်းတွင်းပိုင်းကို ဖြတ်တော့ ကျွန်တော်တို့ ပြည်ဘက်မှာလဲ မိုးက တော်တော်လေးကို သည်းထန်စွာ ရွာတယ်။ကျွန်တော်တို့ ခန့်မှန်းထားတဲ့အတိုင်း သုံးလက်မနဲ့အထက် ရွာတယ်။မနေ့က မိုးရေချိန်က ၂ ဒသမ ၄ လက်မရွာတယ်။ ဒီနေ့ဆိုရင် သုံးလက်မပါ။ နှစ်ရက်ပေါင်း ငါးလက်မကျော် လာတဲ့အခါကျတော့ မြို့ထဲမှာဆိုလဲ ရေတွေများနေတယ်။ ဒီနှစ်အတွက်ဆိုရင် ဒီမိုးရေချိန်က အများဆုံး မိုးရေချိန်ပါပဲ။ စံချိန်တင်ပါတယ်"ဟု ပြည်ခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မြင့်ကြည်က ပြောပြသည်။

မိုးသက်လေပြင်း ကျရောက်မှုကြောင့် သစ်ပင်များပြိုလဲခြင်း၊ လျှပ်စစ်မီးတိုင်များ လဲကျခြင်း၊ နေအိမ် အမိုးလန်ခြင်းများအပြင် လျှပ်စစ်မီးများလည်း ပြတ်တောက်ခဲ့ပြီး သစ်ပင်လဲကျမှုများကို ပြည်မြို့ရှိ မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက လိုက်လံရှင်းလင်း လျက်ရှိကြောင်း သိရသည်။

မုန်တိုင်းဝင်ရောက်မှု ကြောင့်နောက်ထပ် နှစ်ရက်ခန့်ထိ မိုးဆက်လက်ရွာသွန်း နိုင်သည့် အခြေအနေများ ရှိသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment