Pages

Monday, April 23, 2018

ရွှေတိဂုံ စေတီတော်၌ ငါးရက်တိုင် အပူဇော်ခံထားရှိသည့် ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်အား လာရောက်ဖူးမြော်သူ များပြား




ရန်ကုန် ၂၃-၄-၂ဝ၁၈

ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ရဟန်းရှင်လူပြည်သူ အပေါင်း ဖူးမြော် 
ကြည်ညိုနိုင်ရန် ငါးရက်တိုင် အပူဇော်ခံ ထားရှိသည့် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော် ဦးစေတီတော် ဌာပနာတွင်းမှ ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်နှင့် အတူစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့အား လာရောက်ဖူးမြော်သူ အလွန်များပြား လျက်ရှိကြောင်း သိရသည်။

''ဆံတော်ကို လာရောက်ဖူးတဲ့သူတွေ အရမ်းများတယ်။ ဗုဒ္ဓဆံတော်ရွှေတိဂုံမှာ အပူဇော်ခံထားတယ်။ ဖူးလို့ရတယ်ဆိုတဲ့ သတင်းတွေ သိကြ၊ ကြားကြတဲ့သူတွေက အကုန်လာကြတာပါ။ ကျွန်တော်တို့ကတော့ ဘုရားဖွင့်ချိန် ဖြစ်တဲ့ မနက် ၄ နာရီကနေ ပိတ်ချိန် ည ၁ဝ နာရီအထိ ခွင့်ပြုထားတယ်။ ဘုရားဖူးလာပြည်သူတွေ အတွက်လည်း အဆင်ပြေပြေ ဖူးမြော်နိုင်ဖို့နဲ့ လုံခြုံရေးကိစ္စတွေအတွက်လည်း ဆောင်ရွက်ထားတယ်" ဟု ရွှေတိဂုံစေတီတော်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါဗုဒ္ဓ မြတ်စွာဘုရား၏ ဆံတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့အား ဧပြီ ၁၉ ရက် နံနက် ၅ နာရီ မိနစ် ၄ဝ က ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ ရန်ကုန်တိုင်း ဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ နိုင်ငံ့စွမ်းဆောင်ရည်ဆု၊ ဇေယျာလူမှုထူးချွန်ဆု၊ ကမ္ဘာ့ငြိမ်းချမ်းရေး စေတမန်ဆုများရှင် ဒေါက်တာဘဒ္ဒန္တဣဒ္ဓိဗလ ဆရာတော်ဦးဆောင်၍ သံဃာအပါး ၄၅ဝဝ နှင့် သီလရှင် အပါး ၅ဝဝ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ် အပေါင်းတို့က ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်မှ ရွှေတိဂုံစေတီတော်ရှိ ချမ်းသာကြီး တန်ဆောင်းသို့ အများပြည်သူဖူးမြော် ကြည်ညိုနိုင်ရန် ခြေကျင်ခရီးပင့်ဆောင် ခဲ့ကြခြင်း ဖြစ်သည်။

ချမ်းသာကြီး တန်ဆောင်းတွင် ငါးရက်တိုင် အပူဇော်ခံထားရှိသည့် ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့အား ဧပြီ ၂၄ ရက် မွန်းလွဲ ၂ နာရီ ၃၄ မိနစ်တွင် ရဟန်းရှင်လူပြည်သူများနှင့် တာဝန်ရှိသူတို့က ဗိုလ်တထောင် စေတီတော်မြတ်သို့ ပြန်လည် ပင့်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment