Pages

Friday, April 6, 2018

နယ်စပ်ကုန်သွယ်ရေးတွင် နာမည်ကျော် စိန်တလုံးသရက်ကို အလုံးလိုက် ဆေးစိမ်မှုများ ယခုနှစ်ထပ်မံ ပြုလုပ်ပါက ဈေးကွက်ပျက်မည့် အလားအလာများ ရှိနေ


ယခင်နှစ်ကထွက်ရှိသည့် စိန်တလုံးသရက်သီးများကို တွေ့ရစဉ်။

မန္တလေး ၆-၄-၂ဝ၁၈

တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံ၏ အမှတ်တံဆိပ်တစ်ခု ဖြစ်သော စိန်တလုံးသရက်ကို ပြီးခဲ့သည့် ဈေးကွက်ဖွင့်ချိန်က အလုံးလိုက်ဆေး စိမ်ခြင်း၊ ဆေးတို့ရောင်းချခြင်း များရှိခဲ့ပြီး ယခုနှစ်တွင် ထပ်မံပြုလုပ်ပါက သရက်ဈေးကွက်ပျက်မည့် အလားအလာများ ရှိနေသည်ဟု ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသူက ပြောပြသည်။

ပြီးခဲ့သည့်နှစ်က တန်ချိန် ၂၉ဝဝဝ ကျော်တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ယခင်ကအတိုင်း တင်ပို့နိုင်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယမန်နှစ် ဈေးကွက်ဖွင့်ချိန်က မရင့်မှည့်ဘဲတင်ပို့ခဲ့ပြီး ဆေးတို့သည့်အဆင့်ကို ကျော်လွန်ကာ ဆေးစိမ်သည်အထိ ပြုလုပ်ရောင်းချမှုများ ရှိခဲ့သည်ဟု ညွှန်ကြားရေးမှူးက ပြောပြသည်။

"ဒါကို ကျွန်တော်တို့ဘက်က လုပ်တာတော့ မဟုတ်ပါဘူး။ နယ်စပ်ကနေ လုပ်တာပါ။ နောက်ပြီး သူတို့ဘက်မှာ အွန်လိုင်းကနေ အရောင်းအဝယ်လုပ် တာကလဲ တိုးတက်နေတော့ သရက်သီးကို အွန်လိုင်းကမှာတယ်။ အဲဒီမှာပဲပေါ်ဦးပေါ်ဖျား သရက်ဈေးကောင်းချိန်မှာ ဆေးစိမ်ပြီး ရောင်းကြ တော့တာပါပဲ" ဟု ၎င်းက ဆိုသည်။

ဈေးကွက်သို့ အများဆုံး တင်ပို့လျက်ရှိသည့် စိန်တလုံး၊ မြကျောက်၊ ရွှေဟင်္သာ၊ ရင်ကွဲတို့ဖြစ်ပြီး စိန်တလုံးသရက်မှာ မြန်မာနိုင်ငံ၏ အမှတ်တံဆိပ်အဖြစ် နာမည်ကျော်ကြားသည်။ စိန်တလုံးသရက်ကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ မြစ်သား၊ ဟံမြင့်မိုရ်၊ မိတ္ထီလာမြို့နယ်တို့မှ အများဆုံး ထွက်ရှိပြီး အရည်အသွေးမှာလည်း အကောင်းဆုံးဖြစ်သည်။ ယမန်နှစ်က နယ်စပ်တွင် ဆေးစိမ်၍ တရုတ်ဈေးကွက်သို့ တင်ပို့ချိန်တွင် အပေါ်ယံရင့်မှည့် သော်လည်း အတွင်းပိုင်းစိမ်းနေသော စိန်တလုံး သရက်သီးများ ချဉ်သည်ဟု အွန်လိုင်းဈေးကွက်တွင် ပျံ့နှံ့ကာ လူကြိုက်ကျဆင်း ခဲ့သည်။

"ဒါက နယ်စပ်မှာ ဖြစ်ခဲ့တဲ့ အခြေအနေပါ။ နာမည်လဲပျက်ပါတယ်။ ဈေးကွက်ကြီး ပျက်သွားမှာလဲ စိုးရိမ်ရပါတယ်"ဟု ဦးမျိုးသူက ပြောပြသည်။

စီးပွားရေးနယ်ပယ်တွင် ကုန်သည်များ မမှန်ကန်ခြင်းနှင့် ကျင့်ဝတ် မလိုက်နာခြင်းတို့ကြောင့် မိမိနိုင်ငံ၏ အမှတ်တံဆိပ်ဆုံးရှုံးမှု မျိုးမဖြစ်ပေါ်ရန် အရေးကြီးသည်ဟု ၎င်းက ဆက်လက် ပြောပြသည်။

ယခုနှစ်တွင် သရက်သီးကို မရင့်မှည့်မီ ခူးဆွတ်ခြင်း မပြုလုပ်ရန်အတွက် ခြံရှင်များကို အသိပညာပေးမှုများ လုပ်ဆောင်နေပြီး မတ် ၃ဝ ရက်မှစတင်ကာ ခြံများအရောက် ကွင်းဆင်းမှုများ ပြုလုပ်နေသည်ဟု စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

"အဓိကကတော့ မန္တလေးတိုင်း ဒေသကြီးအတွင်းက သရက်ခြံတွေကို အရောက်သွားပြီး အသိပညာပေးလုပ်ငန်း တွေလုပ်နေပါတယ်" ဟုအဆိုပါ တာဝန် ရှိသူကဆက်လက် ပြောပြသည်။

ယခုနှစ်ဈေးကွက်တွင် သရက်ခြံတစ်ခြံက ဖောက်ပြီး ဆေးစိမ်လျှင်လည်း ဈေးကွက်ကို များစွာထိခိုက် လာနိုင်သည့် အခြေအနေ ဖြစ်သည်ဟု ၎င်းက ပြောပြသည်။

စိန်တလုံး ဈေးကွက် ပျက်သည်နှင့် အခြားသရက်မျိုးများ၏ ဈေးကွက်လည်း ပျက်စီးသွားမည်ဖြစ်ပြီး သရက်အိတ်စ်ပို့၏ ၉၉ ရာခိုင်နှုန်းသည် တရုတ်ဈေးကွက်က အဓိကဖြစ်ကာ စင်ကာပူနှင့် ထိုင်ဝမ်ဈေးကွက်မှာ အနည်းငယ် သာရှိသည်ဟု ဦးမျိုးသူက ပြောပြသည်။

သရက်နှင့် ထောပတ်သီးတို့သည် Value Added ပြုလုပ်ရလွယ်ကူသည့် သီးနှံများ ဖြစ်ကာ ဖရဲသီးမှာ တန်ဖိုးမြှင့်ထုတ်လုပ်ရန် အဆင်မပြေသည့် သီးနှံဖြစ်ကြောင်း၊ သရက်သည် အနှစ်ထုတ်ပြုလုပ်နိုင်ပြီး ထောပတ်သီးကို အလှကုန် ပစ္စည်းထုတ်လုပ်ရန် အတွက် အသုံးများကြောင်း၊ ထို့ပြင် သရက်သီးကို သရက်ပျဉ်အဖြစ် အဆင့်မီ ထုတ်လုပ်ခြင်းမှာ ရောင်းတန်းဝင်တစ်မျိုး ဖြစ်ပြီး သရက်သီးမှာ ဈေးကွက်ကြီး မားကြောင်း၊ သို့သော် အဆင့်မီ ထုတ်လုပ်နိုင်ရန် Business Environment ဖြစ်သည့် ထုတ်လုပ်မှုနှင့် ဈေးကွက်ကို ချိတ်ဆက်နိုင်မည့် လုပ်ငန်းစဉ်မှာ အရေးကြီးကြောင်း ဦးမျိုးသူက ဆိုသည်။

သစ်သီးဝလံများကို Fresh Fruit အဖြစ် တင်ပို့လျှင် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များ၊ ကျန်းမာရေးနှင့် ညီညွတ်ကြောင်း ထောက်ခံချက်များ မဖြစ်မနေလိုအပ်ပြီး ထိုအဆင့်သို့ မရောက်သေးမီ ဈေးကွက်မပျက်ရန် အရေးကြီးသည်ဟု သိရသည်။

ပြည်ပသို့ Fresh Fruit အဖြစ် ရောင်းချနိုင်ရေးအတွက် သယ်ယူ ပို့ဆောင်ရေးတွင် အအေးခန်းပါသည့် ကွန်တိန်နာများလို အပ်ပြီး အအေးခန်း သိုလှောင်ရုံများလည်း မရှိမဖြစ် လိုအပ်သည်ဟု ဦးမျိုးသူက ဆိုသည်။

၎င်းတို့သည် ကုန်သွယ်ရေး အတွက် မရှိမဖြစ်လိုအပ်သည့် စီးပွားရေး အဆောက်အအုံများ၊ လုပ်ငန်းစဉ်များဖြစ်ပြီး ဈေးကောင်းရရန်နှင့် အရည်အသွေး ကောင်းရန်လိုသည်ဟု ဆိုသော်လည်း အခြေခံ အချက်အလက်များ မပြည့်စုံခြင်းကြောင့် ကုန်သွယ်မှုတွင် ဆုံးရှုံးမှုများ ဖြစ်နေရသည်ဟု ဦးမျိုးသူက ဆိုသည်။

တရုတ်နိုင်ငံသို့ သရက်သီးကို တရားဝင် တင်ပို့နိုင်ရန် လိုအပ်သည့် အဆင့်များစွာရှိပြီး ဈေးကွက်ရှိသော်လည်း ဈေးကွက်တွင်း ဝင်ရောက်နိုင်ရန် အဆင့်များစွာ ဖြတ်သန်းရဦးမည် ဖြစ်သည်။ သစ်သီးဝလံ ဈေးကွက်သည် ကျယ်ပြန့်သော ဈေးကွက်ရှိပြီး တင်ပို့နိုင်မှု အခြေအနေမှာ တိုးတက်မှုများစွာ ရှိကြောင်း၊ သို့သော် ဖြတ်သန်းရမည့် Business Environment လမ်းကြောင်းများလည်း များစွာရှိနေ သေးကြောင်းနှင့် သယ်ယူပို့ဆောင်မှု စရိတ်များ၊ ကုန်ထုတ်လုပ်မှု စရိတ်များနှင့် မျိုးစေ့၊ မြေသြဇာ ဈေးနှုန်းများလည်း ကျဆင်းရန် လိုအပ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment