Pages

Monday, April 30, 2018

အေးရှားဝေါလ်ဆိပ်ကမ်းရှိ ကုန်သေတ္တာကြီးများကို အတင်အချပြုလုပ်ရန် စက်ပစ္စည်းအသစ်များ တပ်ဆင်အသုံးပြု



ရန်ကုန် ၃ဝ-၄-၂ဝ၁၈

အေးရှားဝေါလ်ဆိပ်ကမ်းရှိ ကုန်သေတ္တာကြီးများကို အတင်အချ ပြုလုပ်ရာတွင် ကိုင်တွယ်သုံးဆွဲမည့် စက်ပစ္စည်းအသစ်များ စတင်အသုံးပြုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အလုံမြို့နယ် ကွင်းကျောင်းလမ်းရှိ
အေးရှားဝေါလ် ဆိပ်ကမ်းဝင်း၌ ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

''နိုင်ငံတစ်နိုင်ငံရဲ့ ထုတ်ကုန်သွင်းကုန်တွေကို အင်တာနေရှင်နယ် ဂိတ်ဝေးတစ်ခုအနေနဲ့ ဆောင်ရွက်နေတဲ့ ဆိပ်ကမ်းတစ်ခုက ဘယ်လောက် အရေးကြီးတယ်ဆို တာကို အားလုံးသိကြပြီး ဖြစ်ပါတယ်။ လတ်တလောမှာကွန်တိန်နာ ကိုင်တွယ်နိုင်တဲ့ ဆိပ်ကမ်းကြီးက ငါးခုပဲရှိပါတယ်။ အဲဒီငါးခုထဲမှာ အေးရှားဝေါလ် ဆိပ်ကမ်း ပါဝင်ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး လုပ်ငန်းတွင် အဓိက အရေးပါသည့် ဆိပ်ကမ်း ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသော အေးရှားဝေါလ်ဆိပ်ကမ်း၏ ရေရှည်စီမံကိန်းအတွက် ဆိပ်ကမ်းဆိုင်ရာ ပစ္စည်းကိရိယာများ ဖြစ်ကြသည့် Rubber Tyred Gantry(RTG) ကိုးခု Mobile Harbour Crane(MHC) တစ်ခု Reach Stacker (RS) နှစ်ခု Empty Container Handler(ECH) နှစ်ခု၊ စုစုပေါင်း စက်ပစ္စည်း ကိရိယာအသစ် ၁၄ ခုကို ရင်းနှီး မြှုပ်နှံတပ်ဆင် အသုံးပြုလျက် ရှိသည်။

''ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ရဲ့ ကုန်တင်ကုန်ချ လုပ်ငန်းတွေမှာ ဆောင်ရွက်ဖို့နဲ့ ဆိပ်ကမ်းလုပ်ငန်း တိုးတက်ဖို့ အတွက် ထပ်မံတပ်ဆင် အသုံးပြုခြင်း ဖြစ်ပါတယ်။ ဒါတွေကိုတပ်ဆင် လိုက်တဲ့အတွက် ဆိပ်ကမ်းမှာရှိတဲ့ကုန်သေတ္တာ ကိုင်တွယ်မှုတွေ လျင်မြန်လာပြီး ထုတ်ကုန်သွင်းကုန် လုပ်ငန်းတွေမှာလည်း များစွာ အကျိုးရှိလာမှာပါ''ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင်က ပြောသည်။

ယခုကဲ့သို့ စက်ပစ္စည်း အသစ်များကို အသုံးပြုနိုင်ခြင်းကြောင့် ကွန်တိန်နာ ငါးလုံးစီနိုင်သည့် အနေအထားမှ ကွန်တိန်နာ ခုနစ်လုံးအထိ စီနိုင်မည်ဖြစ်ပြီး ယင်းပစ္စည်း အသစ်များကြောင့် ကုန်ထုတ်စွမ်းရည်နှင့် စွမ်းဆောင်မှုပိုင်း မြင့်တက်လာမည် ဖြစ်ကြောင်း သိရသည်။ 

#Themyawadydaily

No comments:

Post a Comment