Pages

Tuesday, April 24, 2018

တရုတ်နိုင်ငံ ကုမ္ပဏီတစ်ခုက မြန်မာ့ဆန်တန်ချိန် တစ်သန်းဝယ်ယူရန် ကမ်းလှမ်းထား



နေပြည်တော် ၂၄-၄-၂ဝ၁၈

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံမှ ဆန်တန်ချိန် တစ်သန်းကို ဝယ်ယူလိုကြောင်း ကမ်းလှမ်းထားမှုများ ရှိနေသည်ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံမှ ဆန်တန်ချိန်တစ်သန်းကို တရားဝင်ဝယ်ယူလိုကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကုမ္ပဏီတစ်ခုက ၂ဝ၁၈ခုနှစ် သင်္ကြန်ကာလ မတိုင်မီအချိန်က လာရောက်ကမ်းလှမ်း ထားခြင်းဖြစ်ပြီး လက်ရှိတွင် ကမ်းလှမ်းထားမှု အဆင့်သာရှိနေသေးကာ ဝယ်ယူမည့်ဆန် အမျိုးအစားနှင့် ဈေးနှုန်း အခြေအနေများကို အသေးစိတ် ဆွေးနွေးမှုများ မပြုလုပ်ရသေးကြောင်း၊ ယခု ဆန်တန်ချိန် တစ်သန်းထိဝယ်ယူမည့် တရုတ်ကုမ္ပဏီအနေဖြင့် သဘောတူ စာချုပ်ချုပ်ဆိုကာ ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

"အခုကမ်းလှမ်းထားတဲ့ တရုတ်ကုမ္ပဏီ တစ်ခုကတော့ MOU နဲ့ စာချုပ်ချုပ်ပြီး ဝယ်မှာပါ။ ဈေးနှုန်းတွေ၊ ဆန်အမျိုးအစားတွေ အတွက်တော့ ထပ်ပြီးညှိနှိုင်း ဆွေးနွေးရဦးမှာပါ။ လက်ရှိ ပြည်တွင်းဆန်တွေ မူဆယ်ကနေတစ်ဆင့် တရုတ်ပြည်ဘက် တင်ပို့တဲ့နေရာမှာ ဒီဘက်က တရားဝင်ခွင့် ပြုထားပေမယ့် တရုတ်ဘက်ကတော့ အခုချိန်ထိ တရားဝင် သတ်မှတ်ထားတာ မရှိသေးပါဘူး"ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြ
သည်။

ပြည်ပဆန် တင်ပို့မှုအနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မတ်လထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် ၃ ဒသမ ၅ သန်းကျော် ရှိကြောင်း၊ ပြည်ပဆန်တင်ပို့မှုတွင် ယခင်ဘဏ္ဍာနှစ်များက နိုင်ငံပေါင်း ၄ဝ ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ဈေးကွက်ပိုမိုရှာဖွေ နိုင်ခဲ့မှုကြောင့် နိုင်ငံပေါင်း ၂ဝကျော်ထိ တိုးတက်တင်ပို့ နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့မှုတွင် ယခင်နှစ်များက နယ်စပ်ကုန်သွယ်ရေး (Border Trade) မှ တင်ပို့မှု ၇ဝ ရာခိုင်နှုန်း၊ ပင်လယ်ရေကြောင်း (Oversea) မှ ၃ဝ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်မှစ၍ ပင်လယ်ရေကြောင်း ကုန်သွယ်မှု (Oversea) ဖြင့် ကုန်သွယ်မှုမှာ ၅ဝ ရာခိုင်နှုန်းခန့်ထိ ရှိလာခဲ့ကြောင်း၊ လက်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာနိုင်ငံဘက်မှ တန်းမြင့်ဆန် (ပြည်တွင်း၌ အများဆုံးစားသုံး နေသည့် ဆန်၊ ဥပမာ-ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း) တန်ချိန် တစ်သိန်း တင်ပို့ထားပြီးဖြစ်ကာ နောက်ထပ်တင်ပို့ နိုင်ရေးကိုလည်း ဆွေးနွေးလျက် ရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ဆန်စပါး ဥပဒေမူကြမ်းကို ရေးဆွဲထားပြီး လွှတ်တော်သို့ တင်ပြနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်သို့ တင်ပြရေး၊ဝန်ကြီးဌာနများဖြင့် ဆွေးနွေးရေး၊ လွှတ်တော်တွင် ဆွေးနွေးရေးစသည့် အခြေအနေများ ဆောင်ရွက်ရဦးမည် ဖြစ်ကာ မူကြမ်းရေးဆွဲသည့် အပိုင်းမှာ ပြီးသလောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment