Pages

Tuesday, April 24, 2018

လှိုင်သာယာ မြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကြောင့် မီးသတ်ယာဉ်များ စုပေါင်းငြှိမ်းသတ် လျက်ရှိ



ရန်ကုန် ၂၄-၄-၂ဝ၁၈

လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မီးသတ်ယာဉ်များ စုပေါင်းငြှိမ်းသတ် လျက်ရှိကြောင်း သတင်းရရှိသည်။

ထိန်ပင်အမှိုက်ပုံ မီးလောင်မှုကြောင့် လှိုင်သာယာမြို့နယ် (၂ဝ) ရပ်ကွက်နှင့် ကုလားကြီးစု ရပ်ကွက်များ၊ အမှိုက်ပုံဧရိယာ အနီးပတ်ဝန်းကျင်နေ ပြည်သူများနှင့် မြို့နယ် တချို့တို့၌ မီးခိုးမွန်းကျပ်မှုကို ခံစားနေရကြောင်း သိရသည်။

''ထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် လေအောက်မှာ ရှိနေတဲ့လူတွေ ဘယ်လိုမှ မခံစားနိုင်ဘူး။ ဒီမီးခိုးငွေ့တွေက Chemical တွေလည်းပါတော့ အဆိပ်တွေ ဖြစ်သွားနိုင်တယ်။ ဒါကို သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ မြေပြင်မှာကွင်းဆင်းပြီး အမြန်ဆုံး ဆောင်ရွက်ပေးသင့်တယ်'' ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

ဧပြီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲကစ၍ ထိန်ပင်အမှိုက်ပုံ မီးစတင်လောင်ခဲ့ပြီး မီးလောင်မှုကို ထိန်းချုပ်နိုင်ရေး အတွက်ဧပြီ ၂၃ ရက် နံနက်ပိုင်းအထိ မြို့နယ်နှင့် ခရိုင်မီးသတ်ယာဉ် ၁၆ စီး၊ မီးသတ်ရေ သယ်ယာဉ် ၁၄ စီး စုစုပေါင်း မီးသတ်ယာဉ် ၃ဝ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၃၂၄ ဦးဖြင့် ငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

''အခုငြှိမ်းသတ်နေတဲ့ မီးသတ်ယာဉ်တွေက ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်ပေါင်းစုံက မီးသတ်ယာဉ် တွေဖြစ်ပါတယ်။ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရန်ကုန်အနောက်ပိုင်း ခရိုင်နဲ့ နီးစပ်တဲ့ မြို့နယ်တွေဖြစ်တဲ့ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ ဘုရင့်နောင်၊ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ ရွှေလင်ပန်း မီးသတ်ဦးစီးဌာနက ယာဉ်တွေပါဝင်ပြီး အစီးရေအားဖြင့် ၃ဝ လောက်ရှိပါတယ်။ လက်ရှိလောင်ကျွမ်း နေတဲ့မီးကို ထိန်းချုပ်နိုင်တဲ့ အနေအထား ရှိနေပါတယ်။ အမှိုက်မီးဖြစ်တဲ့အတွက် မီးခိုးတော့ ထွက်နေမှာပါ။ အဆောက်အအုံတွေ လောင်ကျွမ်းတဲ့ မီးလို ချက်ချင်းငြှိမ်းသတ်လို့ မရပါဘူး။ အမှိုက်ထဲမှာရှိတဲ့ အပူချိန်မြင့်မားလာရင် မီးကပြန်လောင် ကျွမ်းနေမှာပါ။ တဖြည်းဖြည်း အမှိုက်အထဲကို ရေရောက်ရှိအောင် ဆောင်ရွက်နေပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီး ဌာနဦးစီးမှူး ဦးမျိုးဝင်းက ပြောသည်။

လက်ရှိတွင် ဧရိယာစတုရန်းဧက ၁ဝဝ ရှိ အမှိုက်များ မီးလောင်နေခြင်းကြောင့် မီးခိုးများအများအပြား ထွက်ရှိနေသည်။ အဆိုပါ မီးခိုးများသည် လေအောက်သို့ လေတိုက်ခတ်မှုနှင့်အတူ လွင့်ပါလာကာ တခြားလေ လမ်းကြောင်း သင့်ရာ မြို့နယ်တို့၌ မီးခိုးမှိုင်းများ၊ ညှော်နံ့များ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ အမှိုက်ပုံကြီးသည် နှစ်ပေါင်း များစွာကပင် ည်ရှိနေပြီး ဧကရာကျော် အကျယ်အဝန်းရှိကာ လက်ရှိတွင် မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း မီးငြှိမ်းသတ်နိုင်ရေးမှာ အဓိကဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်တချို့သို့ ပလတ်စတစ်၊ ရော်ဘာစသည့် ညှော်နံ့များ ပျံ့နှံ့လျက်ရှိပြီး လှိုင်မြို့နယ် နေရာအတော်များများ၌ ပြာမှုန်များ၊ မီးခိုးမှုန်များကို ရှူရှိုက်ခံစားနေရကြောင်း အဆိုပါမြို့နယ်တို့၌ နေထိုင်သူများထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment