Pages

Thursday, March 8, 2018

အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများကို အကူအညီပေးရန် ကမ္ဘောဇဘဏ်က One-Stop SME Banking Center ဖွင့်လှစ်



ရန်ကုန် ၈-၃-၂ဝ၁၈

မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများကို ဘဏ္ဍာရေးဆိုင်ရာ အကူအညီများ ပေးနိုင်ရန် ကမ္ဘောဇဘဏ်၏ One-Stop SME Banking Center ဖွင့်ပွဲကို ယနေ့တွင် ပြုလုပ်ခဲ့ပြီး ဝန်ဆောင်မှုများကိုလည်း စတင်လုပ်ကိုင် ပေးနေပြီ ဖြစ်ကြောင်း ၎င်းဘဏ် တာဝန်ရှိသူများထံမှ သိရသည်။

ဖွံ့ဖြိုးဆဲစီးပွားရေး လုပ်ငန်းများ၏ လိုအပ်ချက်များ ဖြစ်သည့် ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဗဟုသုတများကို ပိုမိုသိရှိနားလည်စေရန်နှင့် လုပ်ငန်းအမျိုးအစားတစ်ခု ချင်းအလိုက် အံဝင်ခွင်ကျ ဖြစ်စေမည့် ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် ပေးအပ်နိုင်ရန် အတွက်အသေးစား၊ အလတ်စား၊ စီးပွားရေးဘဏ်လုပ်ငန်း One-Stop SME Banking Center (OSBC) ကို ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

"အသေးစား၊ အလတ်စား လုပ်ငန်းတွေရဲ့ အသိပညာတွေ၊ လုပ်နိုင်စွမ်းရည်တွေ မြှင့်တင်နိုင်ဖို့နဲ့ ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေ ပိုပြီးပေးအပ်နိုင်ဖို့ စီးပွားရေးလုပ်ငန်း တစ်ခုစီအလိုက် ဆီလျော်မှုရှိတဲ့ ပြီးပြည့်စုံတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဖြေရှင်းနည်းတွေကို ကူညီပံ့ပိုး ပေးသွားမယ့်အပြင် ဝန်ဆောင်မှု သုံးစွဲသူတွေနဲ့ သူတို့ရဲ့ ဝန်ထမ်းတွေအတွက် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်မှုရှိစေဖို့ Financial Literacy Training တွေကိုလဲကျွန်တော်တို့ဘက်ကနေ ပေးအပ်သွားမှာဖြစ်ပါတယ်"ဟု KBZ SME ဘဏ်လုပ်ငန်းဌာန၏ တာဝန်ရှိသူနှင့် အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းအောင်က ပြောပြသည်။

ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အနီး St.john Shopping Mall ဘေးတွင် OSBC ကို ဖွင့်လှစ်ထားပြီး စီးပွားရေးလုပ်ငန်း တစ်ခုချင်းစီအတွက် လိုအပ်သည့် အကြံဥာဏ်များနှင့် ပြီးပြည့်စုံသော စီးပွားရေး ဘဏ်ဝန်ဆောင်မှု ဖြေရှင်းနည်းများကို ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment