Pages

Thursday, March 8, 2018

တပ်မတော်နှင့် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ ပဉ္စမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


တပ်မတော်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ပဉ္စမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပစဉ်။

ရန်ကုန် ၈-၃-၂ဝ၁၈

နှစ်ဦးနှစ်ဖက် အပြန်အလှန်ထိတွေ့ ဆက်ဆံမှုနှင့် ယုံကြည်မှု တည်ဆောက် သည့်အနေဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁နာရီတွင်ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ မြဝတီစာပေတိုက်၌ ကျင်းပရာ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးအုန်းကြိုင်နှင့် ဒေါက်တာမျိုးသန့်တင်၊ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဗိုလ်ချုပ်ထွန်းထွန်းညီနှင့် တပ်မတော်အရာရှိများ တက်ရောက်ကြသည်။

ရှေးဦးစွာ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးအုန်းကြိုင်နှင့် ဒေါက်တာမျိုးသန့်တင်တို့က အဖွင့်အမှာစကား ပြောကြားပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ်စိုးနိုင်ဦးက တက်ရောက်လာသော သတင်းမီဒီယာ များနှင့်အဖွဲ့ဝင်များအား မိတ်ဆက်ကာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဘင်္ဂါလီပြဿနာများနှင့် ပတ်သက်၍ တပ်မတော်မှ သတင်းထုတ်ပြန်ပေးမှု အခြေအနေများအား အသေးစိတ် ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထွန်းထွန်းညီက ယခုအလုပ်ရုံဆွေးနွေးပွဲတွင် တပ်မတော်မှ ဆွေးနွေးမည့်ခေါင်းစဉ် အကြောင်းအရာများကို မိတ်ဆက် ပေးပြီး သတင်းမီဒီယာဥပဒေနှင့် သတင်းမီဒီယာကျင့်ဝတ် များဆိုင်ရာလိုက်နာစောင့်ထိန်းမှုအခြေအနေများအား ဆွေးနွေးရာ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာမျိုးသန့်တင်နှင့် အဖွဲ့ဝင် ဒေါက်တာတင်လှိုင်၊ တွဲဖက်အတွင်းရေးမှူး (၂) ဦးကျော်စွာမင်းတို့က ဖြည့်စွက်ဆွေးနွေးကြသည်။

ဆက်လက်၍ တပ်မတော်အရာရှိကြီးများက တပ်မတော်ဆိုင်ရာ တရားဝင် OnlineMedia Page နှင့် Account များအကြောင်းနှင့် Page အတု Account အတုများအကြောင်း၊ တပ်မတော်အသုံးအနှုန်းနှင့် စစ်ဘက်ရာထူး အခေါ်အဝေါ်များ ဆိုင်ရာဥပဒေ၊ အမိန့်၊ ပြန်တမ်း၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများ အကြောင်း၊ တပ်မတော်၏ အရာရှိ၊ စစ်သည် (အမျိုးသား/အမျိုးသမီး) များအား လေ့ကျင့်ပေးနေမှု အခြေအနေများ၊ တပ်မတော်ကို စွမ်းရည်ထက်မြက်သော ခေတ်မီတပ်မတော် Standard Army ဖြစ်အောင် ရည်မှန်းချက်ထား လေ့ကျင့်ပေးနေမှု အခြေအနေများ၊ တက္ကသိုလ်လေ့ကျင့်ရေး တပ်များတွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား စစ်ပညာသင်ကြား လေ့ကျင့်ပေးနေမှု အခြေအနေများ၊ မျိုးဆက်သစ်လူငယ်များအတွက် ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် သင်တန်းများ ဖွင့်လှစ်ပေးမှု အခြေအနေများ၊ သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေများ၊ တပ်မတော် (ရေ)နှင့် တပ်မတော်(လေ) ဆောင်ရွက်မှုများနှင့် လေ့ကျင့်မှုဆိုင်ရာသိသင့် သိထိုက်သောအကြောင်းအရာများ၊ တပ်သားသစ်စုဆောင်းရေးတွင် အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသူများကိုသာ စိစစ်လက်ခံသည့် စည်းမျဉ်းစည်းကမ်းများ၊ စစ်မှုထမ်းဟောင်းများနှင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် စစ်မှုထမ်းများ၊မိသားစုများကို စောင့်ရှောက်ပေးနေမှု အခြေအနေများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ ပညာရည်မြင့်မားရေး ဆောင်ရွက်ပေးမှုများ၊ တပ်မတော်၏ အားကစားကဏ္ဍ ဆောင်ရွက်မှုများ၊ တပ်မတော်အက်ဥပဒေနှင့် တပ်မတော်သားများ၏ ကျင့်ဝတ်များ၊ လူ့အခွင့်အရေးဆိုင်ရာ၊ နိုင်ငံတကာစစ်ပွဲ ဆိုင်ရာဥပဒေများ၊ နယ်ဘက်ဥပဒေများ၊ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း (Rules of Engagement) ကို တပ်မတော်သားများက လိုက်နာကျင့်သုံးနေသည့် အခြေအနေများ၊ ဥပဒေ၊စည်းမျဉ်း၊ စည်းကမ်း၊အမိန့်၊ ညွှန်ကြားချက် မလိုက်နာသူများအား အရေးယူဆောင်ရွက်မှု အခြေအနေများ၊ တပ်မတော်နှင့် သတင်းမီဒီယာဆက်ဆံရေး အခြေအနေ၊ မီဒီယာများနှင့် လူမှုမီဒီယာကွန်ရက်များတွင် အခြေအမြစ်မရှိသော သတင်းများ၊ မဟုတ်မမှန်လိုရာဆွဲ၍ ဖော်ပြနေမှုများအကြောင်း အသီးသီးဆွေးနွေးကြရာ သတင်းမီဒီယာ ကောင်စီဝင်များကလည်း သိလိုသည်များ မေးမြန်း၍ရင်းရင်းနှီးနှီး အပြန်အလှန် ဆွေးနွေးကြသည်။

ထို့နောက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဦးအုန်းကြိုင်က နိဂုံးချုပ်စကားပြောကြားရာတွင် ယနေ့ပဉ္စမအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို ယခင်ဆွေးနွေးပွဲများထက် ပိုမို၍အားရကြောင်းနှင့်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရကြောင်း၊ ဆွေးနွေးကြသည့် အကြောင်းအရာများလည်း ပိုမိုပြည့်စုံလာကြောင်း၊ ယခုဆွေးနွေးမှုများနှင့် မဏ္ဍိုင်ကြီးလေးရပ် အလုပ်ရုံဆွေးနွေးပွဲများမှ ရရှိသည့်အတွေ့အကြုံများနှင့် မီဒီယာကဏ္ဍ၏အားသာချက်၊ အားနည်းချက်များကိုလည်း သတင်းမီဒီယာ လောကသားများအား သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက နိဂုံးချုပ်စကား ပြောကြားရာတွင် ယနေ့အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ပါဝင် ဆွေးနွေးမှုများကို ကျေးဇူးတင်ရှိကြောင်း၊ ယခုဆွေးနွေးကြရာတွင်နိုင်ငံ့အရေး၊ အမျိုးသားအရေးအတွက် လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းအားလုံး တူညီသောအမျိုးသား အကျိုးစီးပွားအမြင်များ ရှိကြရန်အရေးကြီးသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် ရခိုင်ပြည်နယ်တစ်ခုတည်းနှင့် သက်ဆိုင်ခြင်းမဟုတ်ဘဲ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သောကြောင့် အမျိုးသားအကျိုးစီးပွားကို ရှေးရှု၍ ဆောင်ရွက်ပေးကြ စေလိုကြောင်း၊ တပ်မတော်သည် ဥပဒေနှင့်အညီသာ ဆောင်ရွက်နေသည့်အဖွဲ့အစည်းဖြစ်ပြီး ဥပဒေနှင့်မညီသည့် လုပ်ရပ်များအား ဆောင်ရွက်သည့် အရာရှိ၊စစ်သည်များကိုလည်း ဥပဒေအရအရေးယူ လျက်ရှိကြောင်း၊ နိုင်ငံတကာဥပဒေများ၊ သဘောတူညီချက်များကိုလည်း လေးစားလိုက်နာ ဆောင်ရွက် လျက်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ပေးနေသည့် တပ်မတော်ဖြစ်ကြောင်း၊ ယနေ့အလုပ်ရုံ ဆွေးနွေးပွဲသည် အောင်မြင်မှုရှိကြောင်း ပြောကြားသည်။

ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ညနေပိုင်းတွင် ရပ်နားသည်။ တပ်မတော်နှင့် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီအလုပ်ရုံ ဆွေးနွေးပွဲများကို ယခုတစ်ကြိမ် အပါအဝင် ငါးကြိမ်ပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်း အခါအားလျော်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment