Pages

Monday, March 12, 2018

ကသာမြို့နယ်အတွင်း မူးယစ်ဆေးဝါး အမှုနှစ်မှုမှ ငွေကျပ်သိန်း ၃၁ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



ကသာ ၁၂-၃-၂ဝ၁၈

ကသာမြို့ အမှတ် (၆) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၏ ကြိုးပမ်းဆောင်ရွက်မှုဖြင့် မတ် ၁ဝ ရက်က ကသာမြို့နယ်အတွင်း မူးယစ် ဆေးဝါးအမှုနှစ်မှုမှ ငွေကျပ်သိန်း ၃၁ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကသာမြို့ အမှတ်(၆) မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုတိယ ရဲမှူးမြင့်နိုင်ဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် ပူးပေါင်း၍ ကသာမြို့ လမ်းခွကျေးရွာအုပ်စု ပင်းမလွတ်ကျေးရွာမီးရထား သံလမ်းကူးတွင် မတ် ၁ဝ ရက် မွန်းလွဲ ၂နာရီ မိနစ်၂ဝ က မူးယစ်ဆေးဝါးသတင်းအရ ကြိုတင်စောင့်ဆိုင်းနေစဉ် ကသာမှ အင်းတော်သို့ ကားလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာသူ ဇော်ဝင်းအောင် (ခ) အိုင်ကြီးကို ရပ်တန့် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်း ရောင်စုံဆပ်ပြာခွက် ၁၃ ခွက်တွင်ကာလတန်ဖိုး ငွေကျပ် ၁၄၃သိန်းရှိ ဘိန်းဖြူအမှုန့် ၁၄၃ ဂရမ်နှင့် အပြာရောင်ကပ်ခွာ အိတ်များဖြင့် ထည့်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၂ဝဝစီပါအထုပ် ငါးထုပ်မှ ကာလတန်ဖိုးငွေကျပ် သိန်း၅ဝရှိ စိတ်ကြွဆေးပြား ၁ဝဝဝတို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိသူ ဇော်ဝင်းအောင် (ခ) အိုင်ကြီးကို ကသာမြို့မရဲတပ်ဖွဲ့စခန်းက မယ(ပ) ၁၅/၂ဝ၁၈၊ မူး/စိတ် ပုဒ်မ-၁၉ (က) အရ အမှုဖွင့်ထားကြောင်း သိရသည်။

အလားတူ မတ် ၁ဝရက် နံနက် ၄ နာရီ ၂၅မိနစ်က ကသာမြို့ အမှတ်(၆) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ စုမှူး ဒုတိယရဲမှူး မြင့်နိုင်ဦး ဦးစီးသည့်တပ်ဖွဲ့ ဝင်များသည် သက်သေများနှင့် ပူးပေါင်း၍ ကသာမြို့လမ်းခွကျေးရွာအုပ်စု ပင်းမလွတ်ကျေးရွာ မီးရထားသံလမ်းကူးတွင် မူးယစ်ဆေးဝါးသတင်းအရ ကြိုတင်စောင့်ဆိုင်းနေစဉ် ကသာမှအင်းတော်သို့ ဇော်ထွန်း (ခ) ဖိုးဇော်မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ၎င်းလွယ်ထားသည့် အစိမ်းရောင်ပျောက်ကျား ဘေးလွယ်အိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက် ကိုးခွက်တွင် ကာလတန်ဖိုးငွေကျပ် ၉၉သိန်းရှိဘိန်းဖြူ အမှုန့်၉၉ ဂရမ်နှင့် အပြာရောင် ကပ်ခွာအိတ်များဖြင့်ထည့်လျက် အထုပ်နှစ်ထုပ်မှ ကာလတန်ဖိုး ငွေကျပ် ၁၉၂၅ဝဝဝရှိ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၃၈၅ပြား ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိသူ ဇော်ထွန်း (ခ) ဖိုးဇော်ကို ကသာမြို့မရဲတပ်ဖွဲ့စခန်းက မယ(ပ)၁၆/၂ဝ၁၈၊ မူး/စိတ် ပုဒ်မ-၁၉(က)အရ အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment