Pages

Monday, March 26, 2018

ပုဏ္ဏားကျွန်း-ရသေ့ တောင်-ဘူးသီးတောင် ကားလမ်းကို မတ် ၃၁ ရက်တွင် ဖွင့်လှစ်မည်



စစ်တွေ ၂၆-၃-၂ဝ၁၈

ရခိုင်ပြည်နယ် စစ်တွေ-ရန်ကုန်ကားလမ်းနှင့် ဆက်သွယ်ဖောက်လုပ် ထားသည့် ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင် ကားလမ်းကို မတ် ၃၁ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

''ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင် ကားလမ်းဖွင့်ပွဲကို မတ် ၃၁ ရက်မှာ ပြုလုပ်သွားမှာပါ။ လမ်းပေါ်မှာရှိတဲ့ တံတားတွေကိုလည်း မတ် ၃၁ ရက် အပြီးတည်ဆောက် နေပါတယ်။ အချို့တံတားတွေက လုံးဝပြီးစီးသွားပါပြီ''ဟု ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ပြောသည်။

ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင် ကားလမ်းပေါ်တွင် တောဖျားချောင်း တံတားပေ ၁၂ဝဝ၊ စမ်းမတီးတံတားပေ ၅ဝဝ၊ ရေပုတ်ချောင်းတံတား ပေ ၆ဝ၊ ရသေ့တောင်တံတား ပေ ၈ဝဝ၊ သောင်းဒရားတံတား ပေ ၅ဝဝ၊ရေစိုးချောင်း တံတားပေ ၁၂ဝ၊ ပဲသဒူတံတား ပေ ၁၂ဝ၊ ငစံဘော်တံတား ပေ ၁၂ဝ၊ အောင်သာတံတား ပေ ၂ဝ၊ ရွာဟောင်းတံတား ပေ ၂၈ဝ နှင့် စိုင်းဒင်တံတား ပေ ၆ဝဝ တို့ဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မှ ဘူးသီးတောင်အထိ ကားလမ်းအရှည်မှာ ၃၄ မိုင် ၄ ဖာလုံရှိပြီး ၎င်းလမ်းပေါ်ရှိ တံတားများကိုလည်း မတ် ၃၁ ရက်တွင် ဖွင့်လှစ်နိုင်ရန် ကြိုးစားလုပ်ဆောင်နေ ကြကြောင်းသိရပြီး ၎င်းလမ်းပြီးစီးပါက မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မြို့ မောင်တောအထိ သွားလာနိုင်မည် ဖြစ်သည်။

''ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင် ကားလမ်းဖွင့်ပွဲကို မတ် ၃၁ ရက်မှာ ကျင်းပမှာ ဖြစ်တဲ့အပြင် ရသေ့တောင်မြို့နဲ့ ကျေးရွာ ၂၆ ရွာ လျှပ်စစ်မီးရရှိတဲ့ အောင်ပွဲ အခမ်းအနားကိုလည်း မတ် ၃ဝ ရက် ညမှာပြုလုပ်သွားမှာဖြစ်ပါတယ်''ဟု ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ဆက်လက် ပြောကြားသည်။

#Themyawadydaily

No comments:

Post a Comment