Pages

Wednesday, March 7, 2018

သင်္ကြန်ပွဲတော်မတိုင်မီ ဆင်စခန်းသစ်သုံးခု တိုးချဲ့ဖွင့်လှစ် နိုင်ရန် စီစဉ်



ရန်ကုန် ၇-၃-၂ဝ၁၈

ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ အပန်းဖြေ အနားယူနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ကြည့်ရှုလေ့လာ နိုင်စေရန် ရည်ရွယ်၍ နိုင်ငံတစ်ဝန်း၌ ခရီးသွားလုပ်ငန်း အထောက်အကူပြု ဆင်စခန်းများ ဖွင့်လှစ်လျက်ရှိရာ ယခုနှစ် သင်္ကြန်ပွဲတော် မတိုင်မီ ကြားကာလအတွင်း ဆင်စခန်းသုံးခု တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သစ်တောဦးစီးဌာန မြန်မာ့သစ်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘထံမှ သိရသည်။

ထိုသို့ တိုးချဲ့ဖွင့်လှစ်မည့် ဆင်စခန်းသုံးခုမှာ မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ် ပုလင်းသစ်ဆိပ်ရှိ ပုလင်းကမ်း သာယာဆင်စခန်း၊ ပြင်ဦးလွင်မြို့နယ် ဝါးနက်ကျေးရွာအနီးရှိ ဝါးနက်ဆင်စခန်းနှင့် မကွေးတိုင်းဒေသကြီး ရွှေစက်တော်သို့ သွားရာလမ်းဘေးရှိ ရွှေစက်တော်ဆင်စခန်းတို့ ဖြစ်သည်။ ပုလင်းကမ်း သာယာဆင်စခန်း၌ ဆင်ကောင်ရေ ခုနစ်ကောင်၊ ဝါးနက်ဆင်စခန်း၌ ဆင်ကောင်ရေ ခြောက်ကောင်နှင့် ရွှေစက်တော်ဆင်စခန်း၌ ဆင်ကောင်ရေ ခြောက်ကောင် စတင်ထားရှိမည် ဖြစ်သည်။

အဆိုပါ ဆင်စခန်းများ၌ ဆင်ဦးစီးများက ခရီးသွားဧည့်သည်များကို ဆင်များနှင့် ပတ်သက်ပြီးရှင်းပြခြင်း၊ ဆင်များကို ခရီးသွားများကိုယ်တိုင် အစာကျွေးနိုင်ရန် စီစဉ်ပေးခြင်း၊ ဆင်စခန်း အနီးပတ်ဝန်းကျင်သို့ ဆင်ကြီးများဖြင့် လိုက်လံပြသခြင်း စသည့်ဝန်ဆောင်မှုများ စီစဉ်ပေးထားမည် ဖြစ်သည်။

မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်လုပ်ရေး ဌာနအနေဖြင့် ဆင်စခန်း အခြေပြုခရီးသွား လုပ်ငန်းများကို ၂ဝ၁၆ ခုနှစ်မှ စတင်ကာ အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိရာ ယခု ဆင်စခန်း ၁၆ ခုအထိ ဖွင့်လှစ်ထားပြီး ဖြစ်သည်။ လက်ရှိ ဖွင့်လှစ်ထားသော ဆင်စခန်းများမှာ ငလိုက်စခန်းသာ၊ ဝဲမ၊ပျားစွဲ၊ နတ်ပေါက်၊ ဖိုးကျား၊ ဝင်္ဂဘော်၊ မှော်ယောကြီး၊ နတ်မှော်၊ ဒေါက်တာဘရန်းဒစ်၊ မြိုင်ဟေဝန်၊ မုက္ခာရေတံခွန်၊ ဒီးဒုတ်ရေတံခွန်၊ တလယ်၊ သစ်ကတိုးအိုင်၊ မိုးမခနှင့် ရှမ်းရိုးမဆင်စခန်းတို့ ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment