Pages

Monday, March 19, 2018

မန္တလေးမြို့တွင် မော်တော်ယာဉ်များမှ ဘက်ထရီအိုး ၄၆ အိုး၊ ဆိုင်ကယ်တစ်စီး ခိုးယူခဲ့သူကို စုံစမ်းဖော်ထုတ်၍ အရေးယူဆောင်ရွက်



မန္တလေး ၁၉-၃-၂ဝ၁၈

မန္တလေးခရိုင်အတွင်းရှိ လမ်းမပေါ်တွင်ရပ်ထားသည့် ကုန်တင်ကားကြီးများနှင့် ကားငယ်အမျိုးမျိုးမှ ဘက်ထရီအိုးများ ခိုးယူသူကို စုံစမ်းဖော်ထုတ်၍ အရေးယူထားကြောင်း သက်ဆိုင်ရာနယ်မြေ ရဲစခန်းများမှ သိရသည်။

ကားငယ်အမျိုးမျိုးရှိ ဘက်ထရီအိုး များခိုးယူခံရ၍ ပျောက်ဆုံးမှုရှိ နေခြင်းကြောင့် မန္တလေးခရိုင်မှုခင်း နှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်ဗိုလ်ဗိုလ်အောင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် ကုန်တင်ကားကြီးများ ရပ်နားရာ ပြည်ကြီးတံခွန်မြို့နယ် စက်မှု (၁) နှင့်အမရပူရမြို့နယ် ကုန်တင်ကားကွင်းအတွင်း နေ့ညမပြတ်စုံစမ်းခဲ့ရာမှ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် နေသူ နိုင်လင်းထွေး (ခ) ထွေးထွေးသည် အလုပ်အကိုင်မရှိဘဲ ညအချိန်များတွင် ကားများမှ ဘက်ထရီအိုးများ ခိုးယူလေ့ရှိကြောင်း သိရှိရသဖြင့် ညအချိန်များ၌ စောင့်ဆိုင်းရှာဖွေခဲ့ရာ မတ် ၁၂ရက် မွန်းလွဲ ၂နာရီတွင် ၄၉လမ်းမပေါ် တန်ဖိုးနည်းအိမ်ရာ တိုက်တန်းအနီးရှိ စိန်မြင့်မိုရ် လက်ဖက်ရည်ဆိုင် ရှေ့လမ်းမတွင် နိုင်လင်းထွေး(ခ)ထွေးထွေး (ဘ) ဦးသန်းဝင်း အမှတ်၂၁-က ချယ်ရီလမ်း ဗ-၁၅ မြရည်နန္ဒာရပ်ကွက် ချမ်းမြသာစည်မြို့နယ်နေသူကို ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ ဖမ်းဆီးရမိစဉ် စစ်ဆေးမေးမြန်းရာ ၎င်းမောင်းနှင်လာသည့် ဆိုင်ကယ်အနက်ရောင်ကို ၄၉လမ်းမြရည်နန္ဒာဈေးမှ ကုလားလေး (တိမ်းရှောင်) ဆိုသူနှင့် ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် အောင်ပင်လယ် နယ်မြေရဲစခန်းက (ပ)၁၂ဝ/၂ဝ၁၈၊ ပြစ်မှုပုဒ်မ ၃၇၉/ ၅၄ဖြင့် စတင်အရေးယူ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ၎င်းကိုဘက်ထရီ အိုးခိုးမှုများနှင့် ပတ်သက်၍ စစ်ဆေးရာ ၎င်းသည် ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့အတွင်း လမ်းမများပေါ်၌ ရပ်ထားသော ကားမျိုးစုံမှ ဘက်ထရီအိုး အမျိုးမျိုး ခိုးယူခဲ့မှု စုစုပေါင်း ၄၆ မှု၊ ဆိုင်ကယ်ခိုးမှု တစ်မှုစုစုပေါင်း ၄၇ မှု ခိုးမှု ကျူးလွန်ခဲ့ကြောင်းကို ယနေ့တွင် စစ်ဆေးဖော်ထုတ် ရမိခဲ့သည်။

အဆိုပါပြစ်မှုများနှင့် ပတ်သက်၍ ၎င်းကိုအမှတ် (၃) နယ်မြေရဲစခန်း၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ် နယ်မြေရဲစခန်း၊ ပြည်ကြီးတံခွန်မြို့မရဲစခန်းတို့က အရေးယူထားပြီး စက်မှုနယ်မြေ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ဖြင့် စစ်ဆေး ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment