Pages

Friday, March 9, 2018

နေပြည်တော်အနီး လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဥတ္တရသီရိမြို့နယ်ရှိ စေတီတော်အချို့ ထိခိုက်ပျက်စီး



နေပြည်တော် ၉-၃-၂ဝ၁၈

ယနေ့နံနက် အစောပိုင်းတွင် နေပြည်တော် အနီးလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဥတ္တရသီရိမြို့နယ်ရှိ စေတီတော်အချို့ အောက်ပိုင်း ပြိုကျခြင်း၊ စိန်ဖူးတော် မြေခခြင်းနှင့် ကျေးလက်ဆေးပေးခန်း တစ်ခုတို့ ပြိုကျပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့နံနက် ၃နာရီ ၄၃ မိနစ်ခန့်က နေပြည်တော် မြေငလျင်စခန်း၏ အနောက်မြောက်ဘက် ၁၂ မိုင်ခန့် ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာအုပ်စု မရမ်းခုံကျေးရွာ အနီးကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာ စကေး ၅ ဒသမ ၅ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် ဥတ္တရသီရိမြို့နယ် မိုးစွေကျေးရွာတွင် ဥာဏ်တော် ၄၅ ပေအမြင့်ရှိ စေတီတော်ကြီး၏ တောင်ဘက်ခြမ်း အောက်ပိုင်းပြိုကျခဲ့ပြီး အနည်းငယ်တိမ်းစောင်းခြင်း၊ အရှေ့တောင် ထောင့်အရပ်မှ ဥာဏ်တော် ကိုးပေရှိ အရံစေတီတော်တစ်ဆူ ပြိုကျပျက်စီးခြင်း၊ မင်းကုန်းအုပ်စု မအူလေးပင်ကျေးရွာမှ ဥာဏ်တော် ၅၅ပေရှိ မိုးကောင်းစေတီစိန်ဖူးတော် မြေခခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် ရွှေနံသာရပ်ကွက်တွင် ပေ ၃ဝ x ပေ ၂ဝရှိ အုတ်ခင်း၊ အုတ်ကာသွပ်မိုး ဆေးပေးခန်းတွင် တောင်ဘက်ခြမ်း ၁ဝပေ x ငါးပေခန့်ရှိ အုတ်နံရံ ပြိုကျပျက်စီး ခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

"ငလျင်လှုပ်ခတ်မှုကြောင့် ကျွန်တော်တို့ ဇမ္ဗူသီရိ မြို့နယ်ထဲမှာ အချို့တိုက်ခန်း နံရံတွေအက်သွားတာ တွေဖြစ်သွားပါတယ်။ လူထိခိုက်တာတွေတော့ မရှိပါဘူး"ဟု နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် နေထိုင်သည့် ကိုအောင်ကျော်ထွန်းက ပြောပြသည်။

အဆိုပါငလျင် လှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တည်ဆောက် ထိန်းသိမ်းထားသည့် ရေလှောင် တမံများဖြစ်သော ငလိုက်၊ ရေဆင်း၊ပေါင်းလောင်၊ ဆင်သေ၊ တောင်ပြို၊ ဖောင်းလောင်၊သဲဖြူ၊ ချောင်းမငယ် စသည့် ရေလှောင်တမံများနှင့် ဆက်စပ် အဆောက်အအုံများမှာ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment