Pages

Wednesday, March 28, 2018

(၇၃)နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားသို့တက်ရောက်ကြသည့် အငြိမ်းစား တပ်မတော်အရာရှိကြီး များအား တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ဂါရ၀ပြုကန်တော့၊ လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်များအား တွေ့ဆုံ ဂါရ၀ပြု


အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဂါရဝပြုကန်တော့သည့်အခမ်းအနားတွင် ကန်တော့ခံအငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား အငြိမ်းစားတပ်မတော်အရာရှိကြီးတစ်ဦးက သြဝါဒစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အငြိမ်းစား တပ်မတော်အရာရှိကြီးများထံ ဂါရဝပြုလက်ဆောင်ပစ္စည်းများ ရိုသေစွာ ပေးအပ်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့ ဘုရင့်နောင်ရိပ်သာတွင် ခေတ္တတည်းခိုနေထိုင်လျက်ရှိသော တပ်မတော် အငြိမ်းစားအရာရှိကြီးတစ်ဦးအား ဂါရဝပြုနှုတ်ဆက် စကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့ လွတ်လပ်ရေးမော်ကွန်း ဝင်ပုဂ္ဂိုလ်များအား ဂါရဝပြုနှုတ်ဆက်စဉ်။

နေပြည်တော် ၂၈-၃-၂ဝ၁၈

(၇၃)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော တပ်မတော်တွင် တာဝန်ထမ်းဆောင် ခဲ့သည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ဂါရ၀ပြုကန်တော့သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဂါရ၀ပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော် အရာရှိကြီး ၃၁ ဦးနှင့် ဇနီး ၁၂ ဦးတို့ကန်တော့ခံတက်ရောက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် (ကြည်း၊ရေ၊လေ) တပ်မတော်အရာရှိကြီးများနှင့် ဇနီးများတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အငြိမ်းစားတပ်မတော် အရာရှိကြီးများသည် မိမိတို့တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၏ မိဘဆရာသမားများဖြစ်ပြီး မိမိတို့သည် ဆက်ခံသူများဖြစ်ပါကြောင်း၊ လက်ရှိ တပ်မတော်အားတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြသူများဖြစ်ပြီး မိမိတို့အနေဖြင့် လက်ဆင့်ကမ်းတာဝန်ယူ၍ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်သည့်အမွေများကို ဆက်ခံခဲ့သဖြင့် ယခုကဲ့သို့နိုင်ငံတော်အတွက် မားမားမတ်မတ်ရပ်တည် နေနိုင်ခြင်းဖြစ်ကြောင်း၊ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိ၊ စစ်သည်များသာမက မိသားစုများ ပါပါဝင်သဖြင့် မိသားစုတပ်မတော်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ တပ်မတော်နေ့ အခမ်းအနားအား သက်ရှည်ကျန်းမာစွာဖြင့် တက်ရောက်ချီးမြှင့်ပေးမှုအတွက် တပ်မတော်မိသားစုဝင်များက ကျေးဇူးအထူးတင်ရှိ သကဲ့သို့ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ယခုကဲ့သို့တက်ရောက်ခြင်းအားဖြင့် တပ်မတော်၏ အစဉ်အလာကောင်းများအား ပိုမိုခိုင်မြဲ အောင်ဆောင်ရွက်သည့် လုပ်ဆောင်ချက်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ယခုကဲ့သို့ ကောင်းမွန်သည့် အစဉ်အလာကောင်းများအား ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ဂါရ၀ပြုစကားပြောကြားသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တက်ရောက်လာကြသူများက တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများကိုယ်စား အငြိမ်းစား တပ်မတော်အရာရှိကြီးများအား မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့်အညီ ရိုသေစွာဖြင့် ဂါရ၀ပြုကန်တော့ကြသည်။

ထို့နောက် ကန်တော့ခံ အငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား ဗိုလ်ချုပ်သူရစောဖြူ(ငြိမ်း)က ယခုကဲ့သို့ တစ်နှစ်တစ်ခါတွေ့ဆုံခွင့်ရအောင် စီမံဆောင်ရွက်ပေးသည့်အတွက် ၀မ်းမြောက်ကြောင်းပြောကြားသည်။ ဗိုလ်ချုပ်မောင်မောင်(ငြိမ်း)ကလည်း ယခုကဲ့သို့ တိုင်းပြည်တာဝန်များကို အောင်အောင်မြင်မြင်နှင့် ထမ်းဆောင် နေသည်ကို သိရှိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် သံသရာအတွက် ဘာသာတရားကို လည်းဆောင်ရွက်ကြရန် သြ၀ါဒစကားပြောကြားသည်။

ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း)က ယခုကဲ့သို့တပ်မတော်နေ့ အခမ်းအနား တက်ရောက်ရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မိမိတို့တိုင်းပြည်သည် ပြည်တွင်းပြည်ပ အန္တရာယ်များစွာရှိပြီး ထိုအန္တရာယ်များကို ကာကွယ်ရန် တပ်မတော်သည်သာ အဓိကဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းဖြစ်၍ တပ်မတော်အင်အားရှိရန်လိုကြောင်း၊ သို့မှသာအရေးကြုံလာလျှင်ပြည်တွင်း၊ ပြည်ပရန်များကို ကောင်းမွန်ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အငြိမ်းစားအရာရှိကြီးများ အခမ်းအနားတက်ရောက်ချိန်တိုင်းတွင် ကောင်းမွန်ပြည်စုံစွာ ဆောင်ရွက်ပေးသည့်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် တပ်မတော်သားမိသားစုဝင်အားလုံး ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းစကား ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသည့် တပ်မတော် အရာရှိကြီးများက အငြိမ်းစားတပ်မတော် အရာရှိကြီးများထံ ဂါရ၀ပြုလက်ဆောင်ပစ္စည်းများကို ကိုယ်တိုင် ကိုယ်ကျ ရိုသေစွာပေးအပ်ကြသည်။ ဂါရ၀ပြုအခမ်းအနားအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်၍ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိကြီးများနှင့် ဇနီးများက ကန်တော့ခံ တပ်မတော် အငြိမ်းစားအရာရှိကြီးများနှင့်ဇနီးများအား ဂါရ၀ပြုနှုတ်ဆက်ခဲ့ကြသည်။

ထို့အတူ နေ့လယ်ပိုင်းကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးတို့သည် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီးတို့နှင့်အတူ ဘုရင့်နောင်ရိပ်သာတွင် ခေတ္တတည်းခိုနေထိုင်လျက်ရှိသော (၇၃)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် တပ်မတော်အငြိမ်းစားအရာရှိများ ထံသွားရောက်၍ တစ်ဦးချင်းစီ အားလိုက်လံတွေ့ဆုံပြီး ခင်မင်ရင်းနှီးစွာဖြင့် ဂါရ၀ပြုနှုတ်ဆက်စကားပြောကြား၍ လိုအပ် သည်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော်( BIA )မှ လွပ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်ရရှိပြီး ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံနှင့် အခြားနေရာများတွင် ယာဉ်ထိန်းတာဝန်အဆင့်ဆင့်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တာဝန်ထမ်းဆောင်နိုင်ခဲ့သဖြင့် ပြည်သူအများ ချစ်ခင်လေးစားကြသော လက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေ အသက် ၉၇ နှစ်အရွယ်ရှိ ဘဘဦးညွန့်တင် (လက်ကောက်ညွန့်တင်) အပါအ၀င် လွပ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်ရရှိသူ ၇ ဦး၊ ဒုတိယအဆင့်ရရှိသူ ၈ ဦးနှင့် တတိယအဆင့်ရရှိသူ ၅ ဦး စုစုပေါင်း ၂၀ ဦးတို့အား ဘုရင့်နောင်ရိပ်သာ၌ ဂါရ၀ပြုတွေ့ဆုံပြီး အားဖြည့် ငှက်သိုက်အာဟာရများနှင့် ဂါရ၀ပြုငွေများအား တစ်ဦးချင်း ဂါရ၀ပြုပေးအပ်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment