Pages

Friday, March 9, 2018

အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်သည့် တင်းမာမှုများကို လျော့ချနိုင်ရန် ယုံကြည်မှုများ တည်ဆောက်ရေးအတွက် မိမိတို့ အချင်းချင်းပူးပေါင်း ဆောင်ရွက်မှုများကို ယခုထက်ပိုမို၍ နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်သွား ကြရမည်ဖြစ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၅) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (15th ACDFIM) တွင် ဆွေးနွေးပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ (၁၅) ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (15th ACDFIM) ပူးတွဲကြေညာချက်အား လက်မှတ်ရေးထိုးကြစဉ်။

စင်ကာပူတပ်မတော် ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim (၁၅) ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (15th ACDFIM) တွင် အဖွင့်အမှာစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen.Tarnchaiyan Srisuwan တို့ တွေ့ဆုံဆွေးနွေးစဉ်။

နေပြည်တော် ၉-၃-၂ဝ၁၈

အာဆီယံ၏ ဆောင်ပုဒ်ဖြစ်သည့် ''One Vision, One Identity, One Community '' အတိုင်းမိမိတို့၏ မတူကွဲပြားမှု များကို လိုက်လျောညီထွေမှု ရှိအောင်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာနိုင်သည့် တင်းမာမှုများကို လျော့ချနိုင်ရန် ယုံကြည်မှုများ တည်ဆောက်ရေးအတွက် မိမိတို့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမို၍ နက်နက်ရှိုင်းရှိုင်း ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံရှိ The Fullerton ဟိုတယ်၌ ကျင်းပပြုလုပ်သည့် (၁၅) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များအလွတ်သဘော အစည်းအဝေး (15th ACDFIM) တွင်ဆွေးနွေးပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာ့တပ်မတော် ကိုယ်စား လှယ်အဖွဲ့ဝင်များ၊ အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ဦးစွာအစည်းအဝေးသဘာပတိ စင်ကာပူတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Lt. Gen. Perry Lim က(၁၅)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအလွတ် သဘောအစည်းအဝေး (15th ACDFIM) အဖွင့်အမှာ စကား ပြောကြားသည်။ ထို့နောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (15th ACDFIM) ဗီဒီယိုမှတ်တမ်းအားကြည့်ရှုကြသည်။

ဆက်လက်ပြီး 15th ASEAN Military Intelligence Informal Meeting အစည်းအဝေးရလဒ်အား စင်ကာပူ တပ်မတော်ထောက်လှမ်းရေးမှူးချုပ် Bri. Gen. Ong Tze-Ch'in ကလည်းကောင်း၊ 8th ASEAN Military Operations Informal Meeting ၏ရလဒ်အား စင်ကာပူတပ်မတော်ပူးတွဲစစ်ဆင်ရေးမှူးချုပ် Bri. Gen. Tan Chee Wee ကလည်းကောင်း အသီးသီးတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသဘာပတိ စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Lt. Gen. Perry Lim ဦးဆောင်၍ အာဆီယံနိုင်ငံများမှ တပ်မတော်အကြီးအကဲများက သက်ဆိုင်ရာခေါင်းစဉ်များအား နိုင်ငံအက္ခရာစဉ်အလိုက် ဆွေးနွေးကြသည်။

ထိုသို့ဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိအနေဖြင့် “အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြားပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခြင်းဖြင့် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေး” ဆိုသည့် ခေါင်းစဉ်ဖြင့် တင်ပြဆွေနွေးသွားမည်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ကြီးအား တည်ထောင်လာခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်းကြုံတွေ့လာရသည့် စိန်ခေါ်မှုများကိုအာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြား စည်းလုံးညီညွတ်စွာဖြင့် လက်တွဲဆောင် ရွက်ခဲ့ကြကြောင်း၊ စိန်ခေါ်မှုများကိုရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြသော်လည်း အချို့သောစိန်ခေါ်မှုများကိုအောင်မြင်စွာ ဆက်လက် ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ကြရန်လိုအပ်နေသေးသည့်အပြင် ဆောင်ရွက်သည့်နည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း ပြန်လည် ဆန်းစစ်ရန် လိုအပ်နေသေးကြောင်း၊ စိန်ခေါ်မှုများအားအောင်မြင်စွာကျော်လွှားနိုင်ရေးအတွက် အာဆီယံ၏ ဒေသတွင်း ဆိုင်ရာအကြီးမားဆုံးပူးပေါင်းဆောင်ရွက်မှုအဖြစ် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေး (Confidence Building Measures -CBMs) ကိုဦးစားပေး ဆောင်ရွက်ရန်လိုအပ်လာပါကြောင်းပြောကြားသည်။

ထို့နောက် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေးဆိုသည်မှာ သက်ဆိုင်ရာနိုင်ငံ တစ်နိုင်ငံတည်းသော်လည်းကောင်း၊ နိုင်ငံချင်းသော်လည်းကောင်း၊ နိုင်ငံအများအပြား ကြားတွင်လည်းကောင်း စစ်ရေးအရတင်းမာမှုများကိုလျော့ချနိုင်ရေးအတွက် လုပ်ဆောင်ရသည့် လှုပ်ရှားမှုများနှင့် လုပ်ငန်းအဆင့်ဆင့်များဖြစ်ပါကြောင်း၊ လက်တွေ့အားဖြင့် လည်းနိုင်ငံများအချင်းချင်း ကြားတွင် နိုင်ငံအလိုက်လုပ်ကိုင်ဆောင်ရွက်ပုံနည်းလမ်းများကို ကြိုတင်တွက်ဆကာပြင်ဆင်ဆောင်ရွက်ကြရပါကြောင်း၊ ကမ္ဘာပေါ်တွင်အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးနှင့်ပတ်သက်၍အောင်မြင်စွာဆောင်ရွက်နေသည့် ပုံစံများစွာ ရှိနေ သော်လည်းကူးလူးဆက်ဆံဆောင်ရွက်ခြင်း (Communication) ၊ အကန့်အသတ် ဖြင့်ဆောင်ရွက်ခြင်း (Constraint) ၊ ပွင့်လင်းမြင်သာစွာဆောင်ရွက်ခြင်း (Transparency) ၊ အတည်ပြုဆောင်ရွက်ခြင်း (Verification) စသည်ဖြင့် ယေဘူယျ အားဖြင့် အဓိကနယ်ပယ် ကြီး ၄ ရပ်သာရှိပါကြောင်း၊ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေးကိုအကောင် အထည်ဖေါ် ဆောင်ရွက်နိုင်ခြင်းအားဖြင့် ပိုမိုနားလည်မှုရှိသည့် သဘောတူညီချက်များရရှိ နိုင်ရေးအတွက်ရှေ့ပြေး အထောက်အပံ့ဖြစ် စေနိုင်သည့်အပြင်ယုံကြည်မှုများ တိုးတက်ခိုင်မာစေခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်းပိုမိုနည်းလမ်းတကျ အကောင် အထည် ဖော်စေနိုင်ရန်အတွက်လည်းအထောက်အကူဖြစ်စေပါကြောင်း၊ ထို့အပြင်နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်နိုင်ခြင်းသည်လည်း စစ်ရေးအရတင်းမာမှုများ ဖြစ်နိုင်မှုကိုလျော့ချရန် အလွန်အရေးပါကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအချင်းချင်း နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အောင်မြင်စွာ ဖြေရှင်းနိုင်ရန် အတွက် မိမိတို့အနေဖြင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေးအပြင် ကြိုတင်ကာကွယ်နိုင်စွမ်းသောသံခင်းတမန်ခင်း အား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အဆိုပါအချက်နှစ်ချက် ကိုအောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်ပြီးမှသာ ပဋိပက္ခများအားဖြေရှင်းခြင်း ကိုဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့အဆင့်သုံးဆင့်ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီးပါက အာဆီယံဒေသအတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ကောင်းမွန်စွာထိန်းသိမ်း နိုင်မည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ယနေ့ကမ္ဘာကြီးသည်သမားရိုးကျလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအပြင် နယ်စပ်ဖြတ်ကျော်ရာဇ၀တ်မှုများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ၊ သဘာဝဘေးအန္တရာယ်များ၊ သတင်းအချက်အလက်ဆိုင်ရာလုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှု၊ လူထုကျန်းမာရေး စသည့်သမားရိုးကျမဟုတ်သောလုံခြုံရေးဆိုင်ရာစိန်ခေါ်မှုမြောက်များစွာနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ထို့အပြင် စိန်ခေါ်မှုပုံစံအသစ်ဖြစ်သည့် နည်းပညာဆိုင်ရာ လုံခြုံရေးပြဿနာများကိုလည်းရင်ဆိုင် ဖြေရှင်းရန်ကြိုတင်ပြင်ဆင် ထားရမည်ဖြစ်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသောသမားရိုးကျလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကိုကြုံ တွေ့နေရကြောင်း၊ အထူးသဖြင့်တရားမ၀င်ရွှေ့ပြောင်းနေထိုင်မှုများ မှတဆင့် ဒေသတွင်း၌အကြမ်းဖက်မှုများ လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ၀င်ရောက်လာနိုင်သောအစွန်းရောက်အဖွဲ့အစည်းများအား အချိန်မီတားဆီးနိုင်ရေး သတင်းအချက်အလက် များ ဖလှယ်ရန်နှင့်စဉ်ဆက်မပြတ်စောင့်ကြည့်နိုင်ရန်အတွက် ဒေသတွင်းထောက်လှမ်းရေး အဖွဲ့အစည်းများအနေဖြင့် အထူး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏တပ်မတော်များအနေဖြင့်လည်း သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကိုရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက်အဖက်ဖက်မှ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် အမြဲသတိရှိနေရန်လိုအပ် ပြီးဒေသတွင်းတည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ပြည်သူများငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေး ဆိုင်ရာစိန်ခေါ်မှုများကိုရင်ဆိုင်ဖြေရှင်းရာတွင် မြန်မာနိုင်ငံအနေဖြင့် ကောင်းမွန်သောရလဒ်များ ပေါ်ထွက်လာ စေရေးကြိုးပမ်းအားထုတ်လျက်ရှိကြောင်းပြောကြားသည်။

၎င်းနောက်အနာဂတ် လုံခြုံရေးပတ်ဝန်းကျင်တည်ငြိမ်ခိုင်မာလာစေရန် စိန်ခေါ်မှုများနှင့်နက်နဲရှုပ်ထွေးမှုများကို တစ်နိုင်ငံ တည်းရင်ဆိုင်ကျော်လွှားရန်မဖြစ်နိုင်ဘဲ အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သာ ကျော်လွှားအောင်မြင် နိုင်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မိမိတို့ရင်ဆိုင်နေရ သည့်အကြမ်းဖက်မှုနှင့် ဆက်စပ်သောစိန်ခေါ်မှုများကိုတုံ့ပြန်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး ယင်းမူဝါဒမှာကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကိုရှေးရှု၍ နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာအတူယှဉ် တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည့်မူဝါဒဖြစ်ကြောင်း၊ အဆိုပါနိုင်ငံခြားရေးမူဝါဒအရ မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့်သာမက အခြား ကမ္ဘာ့နိုင်ငံအသီးသီးနှင့်ပါ ပူးပေါင်းဆောင်ရွက်ရေးကိုအားကြိုးမာန်တက်ဆောင်ရွက်လျက်ရှိကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မိမိတို့အာဆီယံအဖွဲ့ကြီးသည်ဒေသတွင်းဖြစ်ပေါ်လာနိုင်သည့် မည်သည့်လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကိုမဆို စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေးနှင့် စုပေါင်းတာဝန်ယူမှုများ ရှိနေသည့် အသိုက်အ၀န်းဖြစ်သည့်အားလျော်စွာ အာဆီယံ ဒေသဆိုင်ရာဖိုရမ်နှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးများမှ တဆင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေး (Confidence Building Measures -CBMs) ကိုဖော်ဆောင်ရေး အတွက်အလေးထားကြိုးစားအားထုတ်နေကြပါကြောင်း၊ ထိုသို့ပူးပေါင်းအကောင် အထည်ဖော်နိုင်ခြင်းမရှိပါကလည်း သမားရိုးကျနှင့် သမားရိုးကျမဟုတ်သောလုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုများနှင့်ဆက်လက်ရင်ဆိုင်နေရအုံး မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပဋိပက္ခများဖြေရှင်းဆောင်ရွက်နိုင်ရေး နှင့်တင်းမာမှုများ အားလျော့ချနိုင်ရေးအတွက် အာဆီယံ၏စွမ်းဆောင်နိုင်ရည်ကိုမြှင့်တင်ရန်အတွက် လက်ရှိမိမိတို့ အာဆီယံ ဒေသတွင်း ဖြစ်ပေါ်နေသောပဋိပက္ခများ(သို့မဟုတ်) အာဆီယံ အဖွဲ့ဝင်နိုင်ငံများရင်ဆိုင်ရဖွယ်ရှိသည့် စိန်ခေါ်မှုများကို ဆန်းစစ်မှုများသေချာစွာ ပြုလုပ်သွားရန်လည်း လိုအပ်နေသေးကြောင်း၊ ထို့အပြင် မိမိတို့ဒေသတွင်းအားရိုက်ခတ် လာနိုင်သည့် အခြားဒေသများ၌ရင်ဆိုင်နေရ သည့် စိန်ခေါ်မှုများကိုပါ ထည့်သွင်းစဉ်းစား သွားရန်လိုကြောင်းတိုက်တွန်းပြောကြားသည်။

၎င်းနောက် အာဆီယံတပ်မတော်များ၏ ၂၀၁၈-၂၀၁၉ နှစ်နှစ်လုပ်ငန်းစီမံချက် အားဆွေးနွေးကြပြီး (၁၅)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (15th ACDFIM) ပူးတွဲကြေငြာချက် အားလက်မှတ် ရေးထိုးကြသည်။ ထို့နောက်စင်ကာပူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်နှုတ် ခွန်းဆက်စကား ပြောကြားပြီး (၁၆)ကြိမ်မြောက်အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (16th ACDFIM) ကိုအိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan ထံသို့ တာဝန်လွှဲပြောင်းပေးအပ်သည်။

ယင်းနောက်ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan က လက်ခံနှုတ်ခွန်းဆက် စကားပြောကြားပြီး အစည်းအဝေးအားရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီးတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ညနေပိုင်းတွင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့်လည်းကောင်း၊ မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tan Sri Raja Mohamed Affandi Bin Raja Mohamed Noor နှင့်လည်းကောင်း နိုင်ငံအလိုက် သီးခြားစီ တွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ဆောင်ရွက်ရေး၊ သင်တန်းသားများ အပြန်အလှန် စေလွှတ်ရေးနှင့် အဆင့်အလိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး ဆိုင်ရာကိစ္စရပ်များ အားရင်းနှီးပွင့် လင်းစွာဆွေးနွေးခဲ့ ကြသည်။

တွေ့ဆုံပွဲများအပြီးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြ ကြောင်းသတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment