Pages

Tuesday, March 6, 2018

သထုံမြို့ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိ တစ်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ



သထုံ ၆-၃-၂ဝ၁၈

မွန်ပြည်နယ် သထုံမြို့ နန်းခဲရပ်ကွက် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် မတ် ၄ ရက်ည ၆ နာရီခန့်က ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာ တစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သထုံမြို့မရဲစခန်းမှ သိရသည်။

ကျိုက်ထီးရိုး ဘုရားဖူး ပြန်လာသည့် ယာဉ်နှင့် ကျောက်တင်ယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ သထုံမြို့တွင် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဘက်မှ မော်လမြိုင် ဘက်သို့ မော်လမြိုင်မြို့နေသူ ယာဉ်မောင်း အောင်မျိုးကျော် မောင်းနှင်လာသော Nissan Vanette အဖြူရောင်ယာဉ်သည် မိုင်တိုင်အမှတ် (၁၄၉/၆) နှင့် (၁၄၉/၇) ကြား၊ သထုံမြို့နယ် လျှပ်စစ်ရုံးရှေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ လှိုင်ထူးမောင်း နှင်လာသော Canter အဖြူရောင် ကျောက်တင်ယာဉ်ကို ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဘုရားဖူးယာဉ် ရှေ့ခန်းတွင် လိုက်ပါလာသူ မော်လမြိုင်မြို့နေ မရွှန်းသီရိနွယ်သည် အချင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်မောင်း အောင်မျိုးကျော် အပါအဝင် ယာဉ်နောက်ခန်းတွင် လိုက်ပါလာသူသားထူး၊ ဒေါ်သန်းသန်းလှ၊ မခိုင်အိအိဖြိုး၊ မသိင်္ဂီဝင်း၊ ဟိန်းမင်းလတ်၊ အောင်ကျော်ဇော၊ ဒေါ်လှလှသန်းတို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း အောင်မျိုးကျော်ကို သထုံမြို့မ ရဲစခန်းက ယာဉ်(ပ) ၂၁/ ၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၃၇/ ၃၃၈/၃ဝ၄(က)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment