Pages

Thursday, February 1, 2018

မန္တလေး VeVe အချိုရည်စက်ရုံမှ အလုပ်သမားဦးရေ ၇ဝ ခန့် အလုပ်သမား အခွင့်အရေးဆုံးရှုံးသည်ဟု ဆိုကာ ဆန္ဒထုတ်ဖော်



မန္တလေး ၁-၂-၂ဝ၁၈

မန္တလေး VeVe အချိုရည်စက်ရုံမှ အလုပ်သမားဦးရေ ၇ဝခန့်သည် အလုပ်သမားအခွင့်အရေး များဆုံးရှုံးနေရမှုအပေါ် မကျေနပ်သည့်အတွက် ဆန္ဒထုတ်ဖော်မှုပြုလုပ် ခဲ့ကြကြောင်း ဆန္ဒထုတ်ဖော်မှုများ ဦးဆောင်ခဲ့သည့် VeVe အချိုရည်စက်ရုံမှ အလုပ်သမားခေါင်းဆောင် မဖြူဖွေးထံမှ သိရသည်။

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံလမ်းရှိ VeVe အချိုရည်စက်ရုံမှ အလုပ်သမားများသည် ယနေ့ နံနက် ၇ နာရီမှစတင်၍ အလုပ်သမား အခွင့်အရေးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည့် အတွက် အဆိုပါစက်ရုံရှေ့တွင် ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်ခဲ့ကြကြောင်း မဖြူဖွေးက ပြောပြသည်။

"တောင်းထားတဲ့အချက် ၁၅ ချက်က ၁၃ ချက်ကိုပဲ အလုပ်ရှင်ဘက်က သဘောတူတယ်။ ကျန်တဲ့အချက်နှစ်ချက် ကိုကျတော့ သဘောမတူသေးဘူး။ ညီမတို့အနေနဲ့ကတော့ တောင်းဆိုထားတဲ့အချက် အားလုံးရမှ ဆန္ဒထုတ်ဖော်တာကို ရပ်ဆိုင်းသွားမယ်။ မရမချင်း ဆန္ဒထုတ်ဖော်နေမှာပါ"ဟု မဖြူဖွေးက ဆက်လက် ပြောပြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေကြသည့် အလုပ်သမားများသည် အမျိုးသမီးများကို မိုက်ရိုင်းစွာ ဆဲဆိုဆက်ဆံပြီး လိင်အကြမ်းဖက်သော QC ခေါင်းဆောင်များ အလိုမရှိ၊ ကျန်းမာရေးနှင့် မညီညွတ်သော မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီသော ယူနီဖောင်းများကို ပြောင်းလဲပေးရေးဒို့အရေး၊ နားနေဆောင်များ ရရှိရေးဒို့အရေး၊ ယောက်ျားလေးများကို ခိုင်းသောကုန်တင် ကုန်ချအလုပ်များကို အမျိုးသမီးများကို မခိုင်းစေရေးဒို့အရေး၊ လူမှုဖူလုံရေး ကတ်အမြန်ဆုံး ရရှိရေးဒို့အရေး စသည့်တို့ကို ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်နေကြကြောင်း သိရသည်။

အလုပ်သမားများ တောင်းဆို ထားသည့်အချက် ၁၅ ချက်အနက်နှစ်စဉ် နှစ်တိုးကြေးပေးရေးနှင့် အလုပ်သမားများအတွက် ဖယ်ရီကားခသုံးသောင်း ပေးရေးဟူသည့် အချက်နှစ်ချက်မှာမူ ပြေလည်မှု မရရှိသေးကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment