Pages

Friday, February 16, 2018

မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ် (၅၅) အဆန်အမြန်ရထားကို တွဲဆိုင်းအသစ်များဖြင့် ပြောင်းလဲပြေးဆွဲခြင်း အခမ်းအနားကျင်းပ



မန္တလေး ၁၆-၂-၂ဝ၁၈

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့မီးရထားက ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ အဆင်ပြေစီးနင်း သွားလာနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ပြေးဆွဲ နေသော အမှတ် (၅၅) အဆန် အမြန်ရထားကို လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်)မှ TKZX Bogle  အမျိုးအစား၊ လေအိတ်တွဲ အခြေခံတည်ဆောက် ထားသည့် Auto Couple တွဲဆိုင်းအသစ်ဖြင့် ပြောင်းလဲပြေးဆွဲခြင်း အခမ်းအနားကို ယနေ့ညနေ ၄ နာရီက မန္တလေး ဘူတာကြီး အမှတ် (၁) စင်္ကြံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ရွှေ၊ မြန်မာ့မီးရထားဌာန အထွေထွေမန်နေဂျာ ဦးဘမြင့်၊ အထွေထွေမန်နေဂျာ (စက်မှု)နှင့် (လျှပ်စစ်) ဦးမင်းအောင်၊ လူစီးတွဲနှင့် ကုန်တွဲ စက်ရုံ အထွေထွေမန်နေဂျာ ဦးတင်မောင်သန်း၊ အထက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးမျိုးဝင်းနှင့် တာဝန်ရှိသူများ၊ ရထားရဲတပ်ဖွဲ့အမှတ် (၃) တပ်ခွဲ တပ်ခွဲမှူး ဒုတိယရဲမှူး တင်မောင်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၃)တိုင်းမီးရထားမှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။

"မြန်မာ့မီးရထားတွင် လမ်းပိုင်း ၂၃ ခုရှိပြီး မန္တလေး-မြစ်ကြီးနားလမ်းပိုင်းဟာ မီးရထားဝင်ငွေ ၇၅ ရာခိုင်နှုန်းရရှိတဲ့အထိ ကုန်စည်၊ ခရီးသည်စီးနင်းမှု အများဆုံးလမ်းပိုင်း ဖြစ်ပါတယ်။ အဲဒီခရီးလမ်းပိုင်းကို ပြောင်းလဲမှုအဖြစ် အခုရထား အသစ်တစ်စီးနဲ့ ပြောင်းလဲပြေးဆွဲ ပေးတာဖြစ်ပါတယ်။ ကျန်တဲ့ ရထားနှစ်စီးကိုလဲ လာမယ့်ဧပြီလမှာ ထပ်မံ လဲလှယ်ပြေးဆွဲ ပေးသွားမှာ ဖြစ်ပါတယ်။ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းမှာ လူစီးအထူးအမြန်ရထား လေးစီး ရှိရာမှ အမှတ် (၅၅) အဆန်အမြန်ရထားဟာ လူစီးအများဆုံး ရထားဖြစ်ပြီး တစ်နေ့ကို ခရီးသွားဦးရေ ၁၅ဝဝခန့် စီးနင်းတဲ့ ရထားဖြစ်တာကြောင့် အခုလိုတွဲဆိုင်းသစ်တွေနဲ့ ပြောင်းလဲပြေးဆွဲ ပေးတာဖြစ်ပါတယ်"ဟု မြန်မာ့ မီးရထားဌာန အထွေထွေမန်နေဂျာ ဦးဘမြင့်က ပြောပြသည်။

ထို့နောက် မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ပြေးဆွဲနေသော အမှတ် (၅၅) အဆန် အမြန်ရထားတွဲဆိုင်း အသစ်များဖြင့် ပြောင်းလဲပြေးဆွဲခြင်း အခမ်းအနားကို တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ် များနှင့် အထွေထွေ မန်နေဂျာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။

အဆိုပါ အမြန်ရထားတွင် ရိုးရိုးတန်း ရှစ်တွဲ၊ အထက်တန်း နှစ်တွဲ၊ အိပ်စင် တစ်တွဲပါ တွဲဆိုင်းသစ်များဖြင့် ပြောင်းလဲပြေးဆွဲ ပေးသော်လည်း လက်မှတ်ခနှုန်းထား ပြောင်းလဲခြင်းမရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment