Pages

Thursday, February 8, 2018

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တောင်သမန်အင်း အတွင်းရှိ စွန့်ပစ်အမှိုက်များကို လူဦးရေ ၄ဝဝ ကျော်ဖြင့် ကောက်ယူခြင်းဆောင်ရွက်



မန္တလေး ၈-၂-၂ဝ၁၈

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တောင်သမန်အင်း အတွင်းရှိ စွန့်ပစ်အမှိုက်များ ကောက်ယူခြင်းကို ဖေဖော်ဝါရီ ၆ ရက်နံနက် ၉ နာရီက လူဦးရေ ၄ဝဝကျော်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် တောင်သမန်အင်းရှိ စွန့်ပစ်အမှိုက်များကို ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (မန္တလေး) က ဦးဆောင်၍ ကောက်ယူခြင်းများကို ပြုလုပ်ခဲ့ပြီး အင်းအတွင်း သာယာလှပစေရန် သန့်ရှင်းမှုများကို ပြုလုပ်ခဲ့ကြသည်။

"တောင်သမန်အင်း အတွင်းမှာ မိုးဥတုကာလ ရေတက်ချိန်တုန်းက ပါလာတဲ့အမှိုက်တွေ ရှိပါတယ်။ အခုရေကျချိန်မှာ တောင်သမန် အင်းအတွင်းမှာ အမှိုက်တွေကျန်ရှိ နေတဲ့အတွက် အခုလိုကောက်ယူတာ ဖြစ်ပါတယ်။ ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ် တဲ့အခါ စိတ်ချမ်းမြေ့စွာ လှည့်ပတ်နိုင်ဖို့နဲ့ အင်းအတွင်း သန့်ရှင်းဖို့အတွက် အခုလိုမျိုးပူးပေါင်း အဖွဲ့တွေနဲ့ သန့်ရှင်းမှုပြုလုပ် တာဖြစ်ပါတယ်"ဟု ငှက်လှေဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောပြသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ကဏ္ဍပေါင်းစုံဖြင့် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အမရပူရမြို့တောင်သမန် တံတားပတ်ဝန်းကျင်တွင် သဘာဝအရင်း အမြစ်များနှင့် သဘာဝပတ်ဝန်းကျင်ကို တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေပြီး ခရီးသွားလုပ်ငန်း၏ ဘေးထွက်ဆိုးကျိုးများ လျော့နည်းပပျောက်စေရန်နှင့် ရေဝေရေလဲ ဂေဟစနစ်များ ကောင်းမွန်စေခြင်းဖြင့် အညစ်အကြေးနှင့် ရေဆိုးများထိန်းသိမ်းရေး လုပ်ငန်းများ ဖော်ထုတ်ရန်အတွက် သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ၏ စွန့်ပစ်အမှိုက်များလျှော့ချရေးကို ဆောင်ရွက်ရန်အတွက် ဖြစ်ကြောင်း သိရသည်။

တောင်သမန် အင်းအတွင်း၌ အမှိုက်များ ကောက်ယူခြင်းကို ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (မန္တလေး)မှ တာဝန်ရှိသူများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (မန္တလေးဇုန်) မှဦးဆောင်၍ မန္တလေးမြို့ပေါ်ရှိ ဟိုတယ်၊ တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဝန်ထမ်းများ၊ တောင်သမန်တံတား ငှက်လှေအသင်းနှင့် ဒေသခံဈေးသည်များ၊ တောင်သမန်တံတားတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ (TouristPolice) နှင့် ဖိတ်ကြားထားသူများ စုစုပေါင်းဦးရေ ၄ဝဝ ကျော်ပါဝင်၍ အမှိုက်ကောက်ယူ ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment