Pages

Thursday, February 1, 2018

မန္တလေးမြို့ရှိ ဈေးပေါင်း ၄ဝ ကျော်ကို ခွင့်မပြုဓာတုဆိုးဆေး ကင်းစင်သည့် ဈေးများဖြစ်စေရန် ဆောင်ရွက်မည်



မန္တတလေး ၁-၂-၂ဝ၁၈

မန္တလေးမြို့ရှိ ဈေးပေါင်း ၄ဝ ကျော်ကို ခွင့်မပြုဓာတုဆိုးဆေး ကင်းစင်သည့် ဈေးများဖြစ်စေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(မန္တလေး)မှ သိရသည်။

လက်ရှိအချိန်တွင် မန္တလေးဈေးချိုတော်၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ခွင့်မပြုဓာတုဆိုးဆေး ကင်းစင်ရေးကို လုပ်ဆောင်နေပြီး ဈေးချိုတော်ရှိဆိုင်များတွင် ခွင့်မပြုဓာတုဆိုးဆေး ကင်းစင်သည့် အသိအမှတ်ပြု လက်မှတ်များ ရရှိပြီးဖြစ်ပါက ခွင့်မပြု ဓာတုဆိုးဆေး ကင်းစင်သည့် ဈေးချိုတော်အဖြစ် ဖွင့်ပွဲပြုလုပ်မည် ဖြစ်ပြီး အခြားဈေးများတွင် ခွင့်မပြုဓာတုဆိုးဆေး ကင်းစင်ရေးကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။

"လာမယ့် ဖေဖော်ဝါရီလ ကုန်လောက်မှာ ဈေးချိုထဲကဆိုင်တွေ ၉၅ ရာခိုင်နှုန်းလောက်က အသိအမှတ်ပြု လက်မှတ်ရမယ်ဆိုရင် မန္တလေးဈေးချိုတော်ကို ဓာတုကင်းစင်သည့် ဈေးချိုတော် အဖြစ်ဖွင့်ပွဲလုပ်မယ်လို့ ရည်မှန်း ထားပါတယ်။ ဈေးချိုပြီးရင် မန္တလေးက တခြားဈေးတွေမှာ ဆက်တိုက် လုပ်သွားပါမယ်။ ဈေးအကြီးတွေကို ဦးစားပေးပြီး လုပ်ဆောင်သွားမယ်"ဟု အဆိုပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်က ပြောပြသည်။

မန္တလေး ဈေးချိုတော်၌ ယခုနှစ်အတွင်း စားသောက်ကုန် ရောင်းချသည့် ဆိုင်များကို ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ရာ ခွင့်မပြုဓာတု ဆိုးဆေးတွေ့ရှိမှုမှာ သုညရာခိုင်နှုန်းထိ ကင်းစင်နေပြီး ဆိုင်ပေါင်း ၉ဝ ကျော်ကို ခွင့်မပြု ဓာတုဆိုးဆေး သုံးစွဲမှုရှိ၊မရှိ သုံးကြိမ်အထိ စစ်ဆေးပြီးဖြစ်၍ ပထမဆုံးအကြိမ်အဖြစ် ဓာတုဆိုးဆေးကင်းစင်ကြောင်း လက်မှတ်ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

"ရှောင်တခင် ဝင်ရောက်စစ်ဆေးတာ သုံးကြိမ်မပြည့်သေးဘဲ နှစ်ြကိမ်ပဲ စစ်ရသေးတဲ့ ဆိုင်တွေမှာလဲ ခွင့်မပြုဓာတုဆိုးဆေး လုံးဝကင်းစင်တာကို တွေ့ရပါတယ်။ နောက်တစ်ကြိမ်စစ်လို့ လုံးဝကင်းစင်ရင် အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးပါမယ်။ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးပြီးတဲ့ ဆိုင်တွေကိုလဲ ထပ်ပြီးရှောင်တခင် စစ်ဆေးလို့ ခွင့်မပြုဓာတု ဆိုးဆေးသုံးတာတွေ့ရင် လက်မှတ်ကို ပြန်သိမ်းပါမယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။

ခွင့်မပြု ဓာတုဆိုးဆေး ကင်းစင်သည့်ဆိုင်များကို ခွင့်မပြု ဓာတုဆိုးဆေး ကင်းစင်သည့် ဆိုင်အဖြစ် FDA နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမည်ဖြစ်ပြီး မန္တလေးမြို့တွင် ဈေးပေါင်း ၄ဝ ကျော်ရှိကာ ၎င်းဈေးများအားလုံးကို ခွင့်မပြုဓာတု ဆိုးဆေးကင်းစင်သည့် ဈေးများဖြစ်စေရန် ရည်ရွယ်ထားကြောင်း အဆိုပါဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment